မတရားမှုတွေက အချိုးကျရောစပ်လို့
အနိုင်ကျင့်မှုတွေ အကင်းမသေသေးတဲ့
ကျနော်တို့နိုင်ငံမှာ အာဏါရှင်ဆိုတဲ့ဖွဲမီးတွေက
တမြေ့မြေ့လောင်နေတုန်းပဲ မေမေ
ရွှေညဝါ ဆရာတော် ကိုမြိုင်နှင့်
မဂ္ဂင်ကျောင်းတိုက်ကို ချိတ်ပြန်ပိတ်
ငါးထောင်တန်ဖုန်းက အပယ်ခံ
ခွပ်ဒေါင်းအလံခရီး ရွှေ့ဆိုင်းရ
လွတ်လပ်ခွင့်ဆိုတာ ဖန်ခွက်ထဲက ရေတဝက်လား မေမေ
၂၃ နှစ်လုံးလုံး ကျခဲ့ရတဲ့မျက်ရည်တွေကို
ပကိတိအပြုံး တပွင့်နဲ့ ဖုံးအုပ်
လက်ဆွဲနုတ်ဆက်ခြင်းဆိုတာ ကိုင်ပေါက်ဖို့မှ မဟုတ်တာ
အဲဒါရှင်းပြပေးလိုက်ပါ မေမေ
ဘာကြောင့်လဲ ဘယ်သူ့အပြစ်လဲ
လိပ်ဥဖွက်တမ်းကစားနေတာမဟုတ်
ချိုးဖြူငှက်ငယ် ချောင်မှာကုတ်လို့
ကောင်းကင်လိုင်စင်စောင့်နေရှာတယ် မေမေ
တနေ့တော့ မေမေ့ ပါးပြင်ပေါ်က
ချွေးစက်တွေကို သုတ်စင်
နံ့သာတင်ဖို့ ကြိုးစား
သားတို့ ပေးဆပ်နေဦးမယ် မေမေ...
သားတို့ ပေးဆပ် နေဦးမယ်...
ဇော်မြင့်
ခေတ္တ/ မလေးရှား
No comments:
Post a Comment