Saturday 29 October 2011

ဓါတ်ပုံဆိုသည်မှာ... Posted by May Thuzar Kyaw on October 14, 2011 at 2:18pm in ဧဒင် ဟာသလွင်ပြင်

တခါက မြို့ကြီးရွာကြီးများနဲ့ ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာမှာ ခေတ်ပေါ်စက်ပစ္စည်းများကို မမြင်ဖူးမကြားဖူးတဲ့ ပါဠိဘာသာကို တစ်ဖက်ကမ်းကျွမ်းကျင်တဲ့ ဘုန်းကြီးတစ်ပါး ရှိသတဲ့။ တနေ့တော့ ဘုန်းကြီးနေထိုင်ရာ ရွာလေးသို့ မြို့သားဓာတ်ပုံဆရာတစ်ယောက် ရှုခင်းဓာတ်ပုံများရိုက်ကူးရန် ရောက်ရှိလာလေ၏။

ဓာတ်ပုံဆရာလည်း ရွာထဲတွင် နေထိုင်ရန်မိတ်ဆွေ မရှိသောကြောင့် ဘုန်းကြီးထံရောက်လာပြီး ဘုန်းကြီးကျောင်းတွင် တည်းခိုခွင့်ပေးပါရန်တောင်းဆို
ရာ ၊ ဘုန်းကြီးကခွင့်ပြုလေသည်။

ဓာတ်ပုံဆရာသည် ရွာနီးဝန်းကျင်ရှိ ကောင်းနိုးရာရာ ရှုခင်းများကို ဓာတ်ပုံရိုက်ပြီး ကျန်အားလပ်ချိန်များတွင် ဘုန်းကြီးထံတွင် တရားနာလေသည်။ ထိုသို့ တရားနာရာတွင် ဘုန်ကြီးဧ။် တရားအသိအမြင် အတွေးအခေါ်များကို အလွန်သဘောကျကာ ဘုန်းကြီးအား ကြည်ညိုလေးစားစိတ်များ တဖွားဖွား ဖြစ်မိလေသည်။ ဒီလိုနဲ့ ဓာတ်ပုံဆရာသည် မြို့သို့ပြန်ရန်အချိန်တဖြည်းဖြည်း နီးကပ်လာလေရာ၊
ပြန်ရန်ရက်အနည်းငယ်အလိုတွင် ဓာတ်ပုံဆရာက...

“ ဆရာတော်ဘုရား တပည့်တော်အနေဖြင့် ဆရာတော်အား ကြည်ညိုလွန်း လေးစားလွန်းတာကြောင့် မြို့သို့ရောက်လျှင် ဆရာတော်အား ကိုယ်ပွားကိုးကွယ်ရန် ဆရာတော်၏ဓာတ်ပုံတစ်ပုံခန့် ယူသွားခွင့်ပြုပါဘုရား ” ဟုလျှောက်တင်လေရာ ဘုန်းကြီးက မျက်လုံးပြုးမျက်ဆံပြူးနှင့်...

“ မသင့်တော်ပါ တကာ ” ဟု ပြန်လည်မိန့်ကြားလေသည်။

ဓာတ်ပုံဆရာလည်းစိတ်ထဲ မရိုးမရွဖြစ်ကာ နောက်တနေ့တွင် ထပ်မံလျှောက်တင်လေရာ၊ ဘုန်းကြီးကလည်း “ မသင့်တော်ပါ တကာ ” ဟုသာ မိန့်ကြားလေသည်။ ဓာတ်ပုံဆရာသည် ဇွဲမလျော့ဘဲ နေ့စဉ်ရက်ဆက် အကြိမ်ကြိမ်လျှောက်တင်လေရာ၊ ဘုန်းကြီးလည်းစိတ်မသက်မသာဖြင့် “ မသင့်တော်ပါ တကာ ” ဟုသာ မိန့်ကြားလေသည်။

ဒီလိုနှင့် တစ်ပတ်ခန့်ကြာသော် ဘုန်းကြီးလည်းမနေသာတော့ဘဲ...

“ ကောင်းပြီတကာ မနက်ဇြန်မနက်စောစော လာတွေ့ချေတော့ ” ဟု မိန့်လိုက်လေတော့သည်။

ဓာတ်ပုံဆရာလည်း ၀မ်းသာအားရဖြင့် နောက်တနေ့ မနက်စောစော ဘုန်းကြီးထံဖူးမြှော်ပြီး ဓာတ်ပုံရိုက်ကူးရန် ခွင့်တောင်းလေသည်။ ထိုအခါ ဘုန်းကြီးက...

“ ရိုက်ပဲ ရိုက်ရိုက် ၊ ယူပဲ ယူယူ ၊ လွှင့်ပဲ ပစ်ပစ် ကော့စိတ်တိုင်းကျပါတကာ၊ ဘုန်းကြီးက တကာ့အတွက် ဓာတ်ပုံအဆင်သင့် ပြင်ပြီးပါပြီ ” ဟု ဆိုသည်။

ဓာတ်ပုံဆရာလည်း နားမလည်နိုင်ဘဲ ခပ်အမ်းအမ်းဖြစ်နေချန်တွင် ဘုန်းကြီးသည် နောက်ဖေးဝင်သွားပြီး ၊ တခဏခန့်ကြာသော်... ဘုန်းကြီးသည် နှာခေါင်းကို ရှုတ် ၊ မျက်မှောင်ကို ကျုံ့ကာ လက်ထဲတွင် အိတ်တစ်လုံးကိုင်လျက် ပြန်ထွက်လာလေ၏။ ပြီးနောက် ထိုအိတ်ကို ဓာတ်ပုံဆရာအား ပေးလေသည်။

ဓာတ်ပုံဆရာလည်း ယောင်နနဖြင့်အိတ်ကိုလှမ်းယူပြီးနောက် နှာခေါင်းထဲတွင်လည်း လွန်စွာဆိုးရွားလှသော အနံ့အသက်ကို ခံစားရလိုက်လေ၏။

ထိုအချိန်တွင် ဘုန်းကြီးက အိတ်ကိုလက်ညှိုးထိုးကာ...

“ အိတ်ထဲတွင် တကာလိုချင်သော ဘုန်းကြီး၏ဓာတ်ပုံပင်ဖြစ်သည် တကာ ” ဟု ဆိုလေရာ ဓာတ်ပုံဆရာလည်း အိတ်ထဲကိုကြည့်ပြီး ကိုယ့်နဖူးကိုယ်လက်ဖြင့် ရိုက်ကာ...

“ ဟိုက် သေပြီဆရာ ” ဟု တစ်ခွန်းတည်းသာ ဆိုနိုင်တော့လေသည်။




မှတ်ချက် ။ ။ ဓာတ်ပုံ ( ပါဠိဘာသာ ) = ချေးပုံ ( မြန်မာဘာသာ )
( ပါဠိဘာသာဖြင့် ချေးပုံကိုဓာတ်ပုံ ဟုခေါ်သည်။ )
Tags: ဟာသ

No comments:

Post a Comment