Saturday 12 November 2011

ထေရ၀ါဒ နှင့် ရောသမမွှေများ

ထေရ၀ါဒ နှင့်   ရောသမမွှေများ
ထေရ၀ါဒ၌ ရောနှောလာသော ကိုးကွယ်မှုများ

မြန်မာနိုင်ငံတွင် နတ်ကိုးကွယ်သူ ဦးရေမှာ သုံးသိန်းကိုးသောင်းကျော် ရှိသည်ဟု  နောက်ဆုံးစာရင်းအရ သိရှိရပါသည် ။
 (၁၉၉၆ ၀န်းကျင် ) ထိုသူဦးရေ အများစုမှာ ဗုဒ္ဓဘာသာမရောက် နိုင်သေးသော  တောင်တန်းဒေသမှ တိုင်းရင်းသားများဖြစ်သည်။
အကယ်၍ ဗုဒ္ဓဘာသာနှင့် အတူရိုးရာနတ်ကိုပါကိုးကွယ်သူတို့  စာရင်းကို ကောက်ယူမည် ဆိုလျှင်သန်းသုံးဆယ်ကျော် ပင်ပြန်၍ ရရှိလာပါလိမ့် မည်။
အဘယ့် ကြောင့် ဆိုသော် ဗုဒ္ဓဘာသာကိုးကွယ်သူ ၉၀% မှာ ရိုးရာနတ်တို့ ကိုလည်းလက်မလွှတ်နိုင်ဘဲ ကိုးကွယ်နေကြသောကြောင့် ပေတည်း။
 မှန်ပါသည် ယနေ့  မြန်မာနိုင်ငံ ပြည်သူပြည်သား တို့ သည် အဓိကအားဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်ကြသည် သို့ သော်လည်း ရိုးရာနတ်များကိုလည်း တဆင့် နိမ့် နေရာ၌ ထား၍ ကိုးကွယ်နေကြသည်။ ပူဇော်ပသနေကြသည်။
 ဗုဒ္ဓဘာသာ ယုံကြည်မှုနှင့် အတူ နတ်ဝါဒ ယုံကြည်မှုကို တွဲဖက်ခံယူနေကြသည်။…နတ်ကိုးကွယ်သည့် အလုပ်မှာ မြန်မာပြည်၌သာ မဟုတ်၊ အခြားနိုင်ငံများ၌လည်း မိမိတို့ ရဲ့ ရိုးရာ နတ်များကိုကိုးကွယ်ပူဇော်နေကြသည်။
နတ်ကိုးကွယ်မှုသည် အလွန်အိုဟောင်းဆွေးမြေ့သော ခေတ်ကာလမှစ၍ ယနေ့ အထိ တည်ရှီနေသော စိတ်ကူးယဉ် အယူဝါဒ တစ်ခုဖြစ်သည်၊
ရှေးဦး ကမ္ဘာ့သမိုင်းကို လေ့ လာလျှင် ခေတ်အဆက်ဆက်၌ နတ်ဝါဒ များကြီးစိုးလာခဲ့ သည်ကိုတွေ့ ရသည်၊ ရှေးခေတ်ဦး လူသားတို့ သည် ကိုးကွယ်စရာ နတ်ရုပ်အဖြာဖြာ တို့ ကိုစိတ်အတွေးဖြင့် ရှာဖွေဖော်ထုတ်ခဲ့ ကြသည်၊
နတ်ဘာသာ နတ်ဝါဒကို ဖော်ဆောင်ခဲ့ ကြသည်၊ ကမ္ဘာ့သမိုင်း၏ နတ်ဝါဒသမိုင်းချုပ်ကို ထုပ်နှုပ်လေ့လာသင့် ပေသည်။
               
           ကိုးကွယ်မှု ထွန်းကားခြင်း

လွန်ခဲ့ သောနှစ်ပေါင်း ၇၀၀၀ (BC -5000) ခန့် မှစ၍ လူသားတို့ ၏ ယဉ်ကျေးမှုများ တိုးတက်ပြောင်းလဲ လာသည်။ စိုက်ပျိုးရေး လုပ်ငန်းများကို တွင်ကျယ်စွာ                                                                                                                                                                       လုပ်ကိုင်လာကြသည်။ စိုက်ပျိုးရေး ကိရိယာ များကိုတီထွင်ကြသည်။ စိုက်ပျိုးရေးနှင်ပတ်သက်၍လည်းအတွေးအမြင်များ ပေါ်ပေါက်လာသည်။
 မြေကြီးသည် လူသားတို့ ၏အာဟာရ ဖြည့် တင်းရေးအတွက် သီးနှံများကိုထုပ်လုပ်ပေးနေ၏။ ရေသည်လည်းသီးနှံဖြစ်ထွန်းမှုကိုအားပေးနေ၏။ နေရောင်ခြည် သည်လည်းသီးနှံ ဖြစ်ထွန်းမှုကိုအထောက်အကူပြုနေ၏။ ဤသဘောကိုလူတို့ နားလည်လာကြသည်။
ထို့ ကြောင့် သဘာဝပစ္စည်းများ ဖြစ်သော မြေ ရေ လေ နေ စသောအရာဝတ္ထုတို့ ကို လူသားတို့ ၏ ကျေးဇူးရှင်ကြီးများဟူ၍ သတ်မှတ်ခဲ့ ကြသည် ။ ကာလကြာသောအခါ မြေ ရေ စသောသဘာဝ ဓါတ်ကြီးများကို စွမ်းအားရှင်များဟူ၍  ယုံမှတ်လာကြသည် ။
ဤသို့ ဖြင့်  မြေနတ် ရေနတ် လေနတ် နေနတ် မီးနတ် စသောနတ်များ ပေါ် ပေါက်လာခဲ့ သည် ။ ထိုအချိန်က ကိုးကွယ်သော နတ်များမျာ သဘာဝရုပ် ပစ္စည်းများကို ကိုးကွယ်သော ဘာသာဖြစ်၍ { Nature Worship } ဟုခေါ်သည် ။
လူသားတို့ သည် ကိုးကွယ်မှု ခေတ်ဦး၌ သဘာဝရုပ် ပစ္စည်းများကိုအခြေခံ၍ ဘာသာဝါဒကို ထူထောင်ခဲ့ ကြ၏ ။
ထိုမှတဆင့် သဘာဝလောကကို တွေးတော ကြံဆလာကြပြန်သည်။ ကမ္ဘာကြီးကိုလည်းကောင်း ကမ္ဘာပေါ်ရှိ သက်ရှိသက်မဲ့  အရာမှန်သမျှကို လည်းကောင်း တစ်စုံတစ်ဦးက ဖန်ဆင်းထားခြင်းဖြစ်မည်ဟု မမြင်မတွေ့ နိုင်သော စွမ်းအားရှင် ကိုဖော်ထုတ်လာကြသည် ။
ထိုစွမ်းအားရှင် ဖန်ဆင်းရှင် သာလျှင်လူတို့ ၏ကျေးဇူးရှင်  လူတို့ ၏ ကိုးကွယ်ရာ ဟူ၍ ယုံကြည်လာကြပြန်သည်။
ထိုဖန်ဆင်းရှင် သည် အစဉ်ထာဝရ တည်ရှိနေပြီး မပျက်စီးနိုင်သော အရာဖြစ်သည်ဟုလည်း ခံယူလာကြသည် ။ ထိုအချိန်မှစ၍ လူ့ ကမ္ဘာတွင် ဒြပ်မဲ့ အတွေးဖြင့်  ဖန်တီးသော ဘာသာတစ်ရပ် ပေါ်ပေါက်လာပြန်လေသည် ။
{BC-3000} နောက်ပိုင်းတွင် လူ့ ကမ္ဘာ၌ ဒြပ်ရှိ ဒြပ်မဲ့ တို့ ကိုအခြေခံသော အတွေးဝါဒများ ထွန်းကားလာသည်။ အတွေးဝါဒကိုအခြေခံ ၍အတွေးယဉ်ကျေးမှုများထွန်းကားလာသည် ။ အတွေးယဉ်ကျေးမှုကိုအခြေခံသော အတတ်များပေါ်ပေါက်လာသည် ။
ခေတ်ဦးလူသားတို့ သည် မိမိတို့၏ လူနေမှုစနစ်ကို နတ်ဘာသာရေး အမြင်ဖြင့် ဖန်တီးကြသည် ။ အုပ်ချုပ်ရေးစနစ်ကိုလည်း နတ်ဝါဒဖြင့် ဖေါ်ဆောင်ကြသည် ။ ထိုအခါ နတ်ဘာသာရေးဖြင့်  အသက်မွေးသော ၀န်ထမ်းများပေါ်ပေါက်လာသည် ။ ထိုနတ်ဝန်ထမ်း တို့ သည် မိမိတို့ နတ်များ၏  တန်ခိုးဣဒ္ဓိပတ် တို့ ကို ချဲ့ မွှမ်းပြောဟောကြသည် ။ 
သဘာဝကရှိနေသော ရုပ်ဝတ္ထုစွမ်းရည် တို့ ကို နတ် ဣဒ္ဓိပတ် အဖြစ်မြှင့် တင်ပေးသည်။ နတ်ကိုးကွယ်မှု ခေတ်စာလာချိန်တွင် စိတ်အတွေးဖြင့် မွေးထုတ်သော အတတ်ပညာများ လည်းထွန်း ကားလာသည် ။
မန္တန်အတတ် ဗေဒင်အတတ် နတ်ဟောအတတ် မှော်အတတ် ယဇ်ပူဇော်ရေး စသည်တို့ မှာ စိတ်အတွေးဖြင့်  မွေးထုတ်ထားသောလုပ်ငန်းများ ဖြစ်သည် ။
ကမ္ဘာ့သမိုင်းဦးက တီထွင်ထားသော နတ်များကို လေ့လာလျှင် သဘာဝရုပ် ပစ္စည်းများကိုသာတွေ့ ရမည်ဖြစ်သည် ။ ရုပ်ပစ္စည်းများသည် သဘာဝ အလျောက် ဖြစ်တည်နေသော အရာသတ္ထု များသာဖြစ်၏ ။
အသက်ဝိညဉ် ရှိသော သတ္တ၀ါများမဟုတ်ပေ ။ နောက်ပိုင်းခေတ်များတွင် သစ်ပင် တော တောင် ကျောက်တုံး မိုးကြီုး မြစ်ချောင်း စသော ရုပ်ဝတ္ထုပစ္စည်းအမြောက်အများ ကိုလည်း အသက်ဝိညာဉ် ရှိသည်ဟုထင်မှတ်၍ ဆည်းကပ် ကိုးကွယ်လာကြသည် ။ 
ကမ္ဘာ့ သမိုင်းဦး ဘာသာဝါဒများကို လေ့လာသောအခါ     ………   ….. ….. …. …. ….
 (၁)…..ဒြပ်ရှိ ရုပ်ပစ္စည်း တို့ ကိုကိုးကွယ်သောဝါဒ……
 (၂)…..ဒြပ်မဲ့  စိတ်ကူးယဉ် ဖန်ဆင်းရှင် ကိုးကွယ်သော ၀ါဒ ………  ဟူ၍ နှစ်မျိုးနှစ်စား ကိုတွေ့ကြရလေသည်။  ဤနှစ်မျိုးစလုံးမှာ လူတို့ ၏ အာသာဆန္ဒအရ စိတ်အတွေးဖြင့်  ဖန်တီးထားသော  ကိုးကွယ်ရာဘာသာများဖြစ်သည် ။
ကမ္ဘာ့  သမိုင်းဦးတွင် ဤကဲ့ သို့  စိတ်ကူးယဉ်အတွေးဘာသာတို့ ၏ မြစ်ဖျားခံရာ ဒေသ တို့မှာ အီဂျစ်  မက်ဆိုပိုတေးမီးယားဒေသ  ဗေဗီလုန်နီးယား အိန္ဒိယ  တရုပ်  ဂရိ  ရောမ  စသည့် နိုင်ငံများဖြစ်သည် ။
အထက်ပါဒေသ များမှ ကိုးကွယ်မှုများမှာ နောင်အခါ တွင် ကမ္ဘာတစ်ဝန်းသို့  ပျံ့နှံ့ သွားသည် ။ နိုင်ငံအချင်းချင်း ကူးသန်းရောင်းဝယ်ကြရာ မှ  ကိုးကွယ်မှုဘာသာ ယဉ်ကျေးမှုများလည်း  ကူးရောက်သွားကြသည် ။
 ထိုကိုးကွယ်မှုများအနက် နတ်ကိုးကွယ်မှုများသည် မြန်မာနိုင်ငံ သို့ လည်း ကူးစက်ပျံ့နှံ့ လာခဲ့ သည် ။ မြန်မာနိုင်ငံ သို့ ရောက်ရှိလာသောနတ်များမှာ အများအားဖြင့် အိန္ဒိယ နိုင်ငံ မှတင်သွင်းလာသော နတ်များဖြစ်ပေသည် ။                                                                                                                             
                မြန်မာတို့  နတ်ကိုးကွယ်မှု 
မြန်မာတို့ သည် လွန်ခဲ့ သော နှစ်ပေါင်း ၄၀၀၀   {BC -2000} ခန့် က မြန်မာနိုင်ငံ တွင်းသို့  မရောက်လာကြသေး ထိုအချိန်က မြန်မာ ဟုခေါ်တွင်လာမည့် လူမျိုးများသည် တစ်ရုပ်ပြည် အနောက်မြောက်ဒေသ၌ ခြေချနေကြသည် ။
ထိုစဉ်က မြန်မာ တို့၏ အမည်ကို ( ချိအဲန် ) {chang} ဟုခေါ်သည် ။ ချိအဲန် လူမျိုးတို့ သည် အကြောင်း အမျိုးမျိုးကြောင့် ရွေ့ပြောင်းလာခဲ့ ကြရာ မြန်မာနိုင်ငံ တွင်းသို့  {AD -5}ရာစု လောက်တွင် ၀င်ရောက်လာခဲ့ ကြလေသည် ။
 ချိအဲန် တို့ သည် မြန်မာနိုင်ငံ မြေပြန့် ဒေသသို့  မရောက်လာမီက နတ်ကိုးကွယ်မှု ဓလေ့ များ ရှိခဲ့ သည်ဟု သမိုင်းသုတေသီ တို့ ကဆိုကြ၏ ။ ချိအဲန် တို့ကိုးကွယ်သော နတ်များမှာ အိမ်ထောင်စုနတ်  လယ်နတ်  တောင်ယာနတ်  တောနတ်  သစ်ပင်နတ်  တို့ ဖြစ်သည် ။ ထို့ ပြင် သီးနှံဖွံ့ဖြိုး တိုး တက်အောင် ပြုလုပ်သောနတ်များကို ယဇ်ပူဇော်သည့်အလေ့အထလည်း ရှိသည်ဟု ဆိုပါသည် ။
မြန်မာတို့  ရှေးဦးကိုးကွယ်ခဲ့ သောနတ်များမှာလည်း  ရုပ်ပစ္စည်းတို့ ကို ၀ိညာဉ်ရှိသည် ထင်၍ ကိုးကွယ်ခြင်းများသာဖြစ်ပါသည် ။ ချိအဲန်တို့ သည် မြန်မာနိုင်ငံ တွင်းသို့ ရောက်လာပြီးနောက်  { မြန်မာ }  ဟူသော အမည်ကို ခံယူလိုက်ကြသည် ။
မြန်မာတို့ သည် မြေပြန်ဒေသတွင် ပျုလူမျိုးတို့ နှင့် ပေါင်းသင်းကြရသည် ။ ပျုတို့ ထံမှ ယဉ်ကျေးမှု ကိုနည်းယူကြသည် ။ ထိုအချိန်တွင် ပျုလူမျိုးတို့  အဓိက အားဖြင့်  ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသော်လည်း ဟိန္ဒူ ဗြဟ္မဏ ဘာသာ  မဟာယနဘာသာ  နဂါးကိုးကွယ်မှုစသော အယူဝါဒများလည်းရှိနေ၏ ။
 မြန်မာတို့သည် ပျုနိုင်ငံတော်ကို လက်ပြောင်းအုပ်ချုပ်ကြရာတွင် ပျိုလူမျိုးတို့ထံမှ ကိုးကွယ်ရာ ယဉ်ကျေးမှု များကိုလည်း ခံယူခဲ့ကြသည်။ ထိုအထဲတွင် နတ်ကိုးကွယ် မှုများလည်း ပါဝင်လာခဲ့သည်။
ပျုတို့ထံမှ လက်ဆင့်ကမ်း ကိုးကွယ်ကြသော နတ်များလည်း များပြားလှ၏။ ထိုအထဲတွင် သိကြားနတ် ကိုးကွယ်မှုသည် ရှေ့တန်းက ရှိနေလေသည်။                                                                                                                                                                                                                                    
                      သိကြားနတ် ကိုးကွယ်မှု     

 သိကြားနတ် ကိုးကွယ်မှုသည် အိန္ဒိယ နိုင်ငံတွင် အထူးအရေးပါလှသည် ။ သိကြားနတ်ကို သက္ကဋ ဘာသာဖြင့်  ဣန္ဒြ  ဟုခေါ်သည် ။ ပါဠိ ဘာသာဖြင့်  ဣန္ဒ ဟုခေါ်၏ ။ သို့ သော်လည်း သက္က ဟူသော ဝေါဟာရ ဖြင့် အသုံးများသည် ။ သက္က ဝေါဟာရကို မြန်မာတို့ က  သိကြား  ဟုပြန်ဆိုခေါ်ဝေါ် ခဲ့ ကြသည်။
ထိုသိကြားနတ်သည် ရှေးဟောင်း ဗြဟ္မဏ ကျမ်း၌ သာမက ဗုဒ္ဓစာပေ ထဲ၌လည်း အခါမလပ်တွေ့ ရှိနေရသော နတ်မင်းကြီး ဖြစ်သည် ။ ထိုနတ်ဖြစ်ပေါ်လာသော သမိုင်းကြောင်းကို လေ့လာသောအခါ  အာရိယန် လူမျိုးတို့ က စတင်ကိုးကွယ်လာကြောင်း တွေ့ ရှိရ၏။
 သိကြားမင်းဖြစ်စဉ်ကား …….   ဤသို့ တည်း ……..
BC-2000 ခန့်တွင် အရှေ့ဘက် အာရှတိုက် အလယ်ပိုင်းအထိ ကျယ်ပြန့်သော မြက်ခင်းဒေသများတွင် မယဉ်မရိုင်း လူမျိုးများ နေထိုင်ခဲ့ကြသည် ။ ထိုလူမျိုးများသည် မူရင်းဒေသမှ အရပ်လေးမျက်နှာသို့ ခရီးဆန့်ကြရာ အချို့ကအနောက်ဘက် အချို့ကတောင်ဘက် အချို့ကအရှေ့ဘက်သို့ ဦးတည်လာခဲ့ကြသည်။
အရှေ့ဘက်သို့ ဦးတည်လာသော လူမျိုးများသည် အိန္ဒိယနိုင်ငံ အနောက်မြောက်ဒေသရှိ ခိုင်ဘာ တောင်ကြားလမ်းမှ တစ်ဆင့် မြင်းရထားများဖြင့် ၀င်ရောက်လာကြသည်။ ထိုလူမျိုးများကို အာရိယန်  Aryan လူမျိုးဟုခေါ်သည်။
အာရိယန် လူမျိုးတို့သည် အိန္ဒု မြစ်ဝှမ်းဒေသသို့ ရောက်ရှိလာပြီးနောက် ဒေသခံ ဖြစ်သော  ဒရာဗီဒီယန်  လူမျိုးတို့၏ နေရာများကို လုယက်တိုက်ခိုက်ကြသည်။ ဒရာဗီဒီယန် တို့သည် အာရိယန် တို့၏ တိုက်ခိုက်မှုကို တုန့်ပြန်တော်လှန်ခဲ့ကြသည်။ သို့သော်လည်း  အာရိယန် တို့ကို မတွန်းလှန်နိုင်ကြ ထို့ကြောင့် အိန္ဒုမြစ်ဝှမ်းဒေသကို ပစ်ခွါ၍ ဂင်္ဂါ မြစ်ဝှမ်းဒေသသို့ ပြောင်းရွေ့သွားကြရသည်။
ဤတွင် အိန္ဒု မြစ်ဝှမ်း နယ်မြေကို အာရိယန်တို့ စိုးမိုးအုပ်ချုပ် ကြလေသည်။အာရိယန်တို့သည် အိန္ဒုမြစ်ဝှမ်းသို့ မရောက်မီကပင် နတ်ကိုးကွယ်မှု များပါရှိ လာခဲ့ သည်။
ယင်းတို့၏အဓိက ကိုးကွယ်ရာမှာ ဣန္ဒ  ခေါ် သိကြားနတ် ဖြစ်သည်။ ဣန္ဒနတ်သည် ၀ရဇိန် လက်နက်ခေါ်မိုးကြိုးလက်နက်ကို ကိုင်ဆောင်သူ ဖြစ်သည်။
 ရှေးဦးအာရိယန် လူမျိုးတို့သည် မိုးကြိုးပစ်ခြင်းကို အလွန်ကြောက်ရွံ့သလိုအလွန်လည်း အံ့သြကြသည်။ မိုးကြိုးပစ်ခြင်းသည် အလွန်စွမ်းရည် ပြင်းထန်းသော နတ်ကြီး၏ တန်ခိုးအာနုဘော် ကြောင့်ဖြစ်သည်ဟု ယုံကြည်ကြ၏။
ထို့ကြောင့် မိုးကြိုးလက်နက် ပိုင်ရှင်ကြီးကို ဣန္ဒြ  ဣန္ဒ  သိကြားနတ် ဟူ၍ ခေါ်ဝေါ်လျက် ကိုးကွယ်ခဲ့ကြသည်။  အိန္ဒုမြစ်ဝှမ်း သို့ရောက်ရှိလာသောအခါ မိုးကြီုးလက်နက် ပိုင်ရှင်သိကြားနတ်ကြီးသည် နတ်အားလုံးတို့၏ ဘုရင်ဖြစ်လာသည်။
အခြားနတ်များထက် တန်ခိုး ဣဒ္ဓိပါဒ် ကိုမြှင့်တင်ပေးကြသည်။ သိကြားဖြစ်ရပ် အတ္ထုပ္ပတ် တို့ကို ချဲ့မွမ်းရေးသားလာကြ၏။ ပါဋ္ဌိ အဘိဓါန် ဋီကာ ကျမ်းတို့၌ သိကြားနတ်၏ ဂုဏ်ပုဒ် ၃၇ ပုဒ်မျှ ထုတ်ပြထားသည်။  
နောင်အခါတွင် အာရိယန်တို့သည် သိကြားနတ်ကို ဘာသာရေးလောကထဲသို့ သွတ်သွင်းပြီးလျှင် အဓိကနေရာ၌ ထားရှိကြသည်။ ဣန္ဒ ခေါ်သိကြားနတ်သည် အာရိယန် လူမျိုးတို့ကိုးကွယ်သော နတ်ကြီး ၃၃ ပါးတွင် အကြီးဆုံးသော နတ်ကြီးအဖြစ်၌ တားရှိကြ၏။ 
 အိန္ဒိယနိုင်ငံ၌ နတ်ကိုးကွယ်မှု ထွန်းကားလာချိန်တွင် လူတို့သည် မိမိတို့ကိုယ်ကို နတ်မျိုးနတ်နွယ်ဖြစ်သူ နတ်ကိုးကွယ်သူအဖြစ် ဂုဏ်ယူပြောဆိုလာကြသည်။ နတ်တို့နှင့် ဆွေမျိုးစပ်လာကြသည်။ မိမိတို့ကိုယ်ကို နတ်ကမွေးဖွားလာသူ  ဒေ၀ပုတ္တ  ဟူ၍ ဂုဏ်ယူပြောဆိုကြသည်။
 နောင်အခါ အိန္ဒိယနိုင်ငံ၌ အုပ်ချုပ်မင်းလုပ်သော  ကနိသျှက မင်းသည်   {AD . 120 } ဒေ၀ပုတ္တ နတ်သား ဟူသောဘွဲ့ကို  ခံယူခဲ့ဖူးလေသည်။
ဗုဒ္ဓဘုရား၏  သာသနာ့ဝန်ထမ်း ရဟန်းတော်တို့ကို  ဘုရားသားတော်  ဟုဂုဏ်ယူခေါ်ဆိုခဲ့ကြသည်။  နတ်ကိုးကွယ်သူတို့ကလည်း မိမိကိုယ်ကို နတ်သား ဟုခေါ်ကြသည်မှာ အဆန်းမဟုတ်တော့ချေ။
နတ်သမိုင်းထဲမှ သိကြားနတ်မင်း ဖြစ်စဉ်ကို လေ့လာရာ၌ ထိုနတ်သားသည်လည်း သမိုင်းဦးက ကိုးကွယ်ကြသော သဘာဝကိုးကွယ်မှု ဘာသာမှ မွေးထုတ်ထားသော အယူအဆဖြစ်ကြောင်း တွေ့ရပြီ။
သိကြားနတ်မှာ လျှပ်စစ်ဓါတ်ကြောင့်  မိုးကြိုးပစ်တတ်သော သဘာဝကို နတ်အဖြစ် ကိုးကွယ်ခဲ့  ကြခြင်းဖြစ်ပေသည်။  သိကြားနတ် ကိုးကွယ်မှုသည် မြန်မာနိုင်ငံသို့  သရေခေတ္တရာခေတ်ကပင် ကူးရောက်လာခဲ့ သည်။ ပျူတို့ လက်မှ မြန်မာတို့က လက်ဆင့်ကမ်း ကိုးကွယ်ခဲ့ ခြင်းဖြစ်သည်။
 မြန်မာ့ရှေးဦး ရာဇ၀င် တို့ကို လေ့လာလျှင်လည်း  သိကြားမင်းကို နေရာခပ်များများ၌ တွေ့ရသည်။ သရေခေတ္တရာပြည် တည်ရာတွင်လည်း သိကြားမင်းပါသည်။ ပျူစောထီး နန်းတက်ရာတွင်လည်း သိကြားမင်းက လက်ဝဲလက်ကို မ၍ နန်းတင်သည်ဟုဆိုသည်။
ဤနေရာ၌ သိကြားမင်းဆိုသည်မှာ အမတ်တစ်ဦးက သိကြားမင်း အ၀တ်တန်ဆာကို ၀တ်ဆင်၍ နန်းတင်ပေးခြင်း ဖြစ်ကြောင်း {ရာဇ၀ံသဇာလိနီ   }  ကျမ်းဆရာက ကောက်ချက်ချပြထားရာ သဘာဝကျသော ရာဇ၀င် ဟာသတစ်ပုဒ် ဖြစ်ပေ၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
           ဂြိုဟ်နတ်ကိုးကွယ်မှု
ဂြိုဟ်နတ်ကိုးကွယ်မှုသည် မြန်မာနိုင်ငံသို့  အိန္ဒိယမှပင်ရောက်ရှိလာခဲ့ သည်။ ထိုဂြိုဟ်နတ်ကိုးကွယ်မှု၏ မြစ်ဖျားခံရာ ဒေသမှာ အျိန္ဒိယနိုင်ငံ မဟုတ်ပေ … ကမ္ဘာ့ အစောဆုံး ဂြိုဟ်နတ်ကိုးကွယ်မှုကို ဗေဗီလုန်နီးယား ခေတ်မှ စတင်တွေ့ရှိရသည်။
အနည်းငယ် ရှင်းပါဦးမည် ……မက်ဆိုပိုတေးမီးယား ဒေသတွင် အခြေချနေကြသော ဆူမာရီယန် လူမျိုးတို့သည် အချင်းချင်း စစ်ပြိုင်တိုက်ခိုက်ကြသောကြောင့်  BC-3000 ခန့်မှ နောက်ပိုင်းတွင် တဖြည်းဖြည်း တိမ်ကောလာခဲ့သည်။ ထို့နောက် မက်ဆိုပိုတေးမီးယား ဒေသသည် ဆီးမိုက် အနွယ်ဝင်  မောရိတ လူမျိုးတို့၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်။
ထိုလူမျိုးတို့သည် ဗေဗီလုန်နီးယား မြို့တော်ကို တည်ဆောက်ခဲ့ကြ၏။ ယင်းမြို့တော်ကိုအစွဲပြု၍  ဗေဗီလုန်နီးယား လူမျိုး ဟုခေါ်သည်။  ဗေဗီလုန် လူမျိုးတို့သည် ဆုမာရီယန် ယဉ်ကျေးမှုမှ နတ်များကို ဆက်လက် ကိုးကွယ် ကြသည်။ ထိုလူမျိုးတို့သည် ကောင်းကင်မှ  ဂြိုဟ်အနေအထားတို့ကိုကြည့် ၍ အနာဂတ်ကို ဟောပြောကြသည်။  
ကောင်းကင်ရှိ  အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောင်္ကြာ စနေ ဟူသော ဂြိုဟ်ကြီး ၅ လုံးတို့သည် လူသားတို့၏ အနာဂတ်ကံကြမ္မာကို လွှမ်းမိုး နိုင်သည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့်ဂြိုဟ်ကြီး ၅ လုံး ဘုရားကြီး ၅ ဆူအဖြစ် သတ်မှတ်၍ပူဇော်ကိုးကွယ်ခဲ့ကြသည်။
ကမ္ဘာ့လူသားတို့ သုံးစွဲနေသော နေ့အမည်များမှာ ၎င်းတို့၏ အာူအဆမှပင် ပေါက်ဖွားလာခဲ့ပေသည်။ ဖေါ်ပြပါ ဂြိုဟ်ကြီး ၅ လုံးထဲသို့ နေ လ နှစ်ပါးပေါင်းထည့်သောအခါ ခုနှစ်ပါး ဖြစ်လာသည်။ ထိုခုနှစ်ပါးကို ရှိခိုးပူဇော်သော အလေ့အထသည်  ဆီးရီးယား သို့ ကူးရောက်သွားသော အခါ တစ်နေ့လျှင် ဘုရားတစ်ဆူကြ ကိုးကွယ်သော ဓလေ့ပေါ်ပေါက်လာခဲ့သည်။
ထိုဘုရား ၇ဆူကို ရှိခိုးရာတွင်  ၇ ရက်စေ့တိုင်း တစ်ပတ်လည်သဖြင့် နောင်အခါတွင် ဂြိုဟ်နတ်အမည် များသည်ပင် နေ့အမည်များဖြစ်လာ၏။ နေ နတ်ဘုရား ပူဇော်သည့်နေ့ကို နေ နေ့ တနင်္ဂနွေနေ့ လ နတ်ဘုရားပူဇော်သည့်နေ့ကို လနေ့ တနင်္လာနေ့  စသည်ဖြင့် အသီးသီး ခေါ်ဝေါ်ခဲ့ကြလေသည်။
ဤအယူအဆသည် အိန္ဒိယသို့ ရောက်ရှိပြန့်ပွါးလာ၏။ အိန္ဒိယ ရောက်ချိန်တွင် ဂြိုဟ်တို့၏ ဣဒ္ဓိပါဒ်ကို မြှင့်တင်ထားကြပြီ ၊ ဂြိုဟ်နတ် တို့ကိုအရပ် ၈ မျက်နှာ၌ နေရာချထား၍ အပိုင်စားပေးထားကြသည်။  စိတ်ကူးယဉ် ဖြစ်စဉ်တို့ကို တီထွင်ထားကြသည်။
အိန္ဒိယ မှ ပြုပြင်ထုတ်လုပ်လိုက်သော ဂြိုဟ်နတ်များမှာ ၉ ခု မျှရှိသည်။ တနင်္ဂနွေဂြိုဟ် တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောင်္ကြာ စနေ ကိတ်ဂြိုဟ် တို့ဖြစ်သည်။
ထိုအထဲတွင် ကိတ်ဂြိုဟ် ဆိုသည်မှာ အတိတ်နမိတ် စွဲ လက္ခဏာကို ခေါ်ဆိုထားသောအမည်ဖြစ်သည်။ ယင်း ကိတ်မှာ ၃ မျိုး ကွဲပြား၏။ 
မြေပြင်ကိတ် မြေပေါ်မှအခိုးအလျံထွက်ခြင်း အရောင်အ၀ါပြခြင်း စသည်ကိုခေါ်သည်။
အန္တရကိတ် မြို့ပြ ဂူ ကျောင်း စုလစ်မွန်းချွန် သစ်ပင် တို့မှဖြစ်သောနမီတ်ကိုခေါ်သည်။
ကောင်းကင်ကိတ်    ကောင်းကင်မှဥက္ကာကျခြင်း လကြတိခြင်း တိမ်တံခွန် ကြယ်တံခွန် စသောနမိတ်တို့ကိုခေါ်သည်။
ထိုနမိတ်တို့ကလည်း လူသားတို့၏ ဘ၀ကြမ္မာ အပြောင်းအလဲကို ဖြစ်စေတတ်သည်ဟု ယုံကြည် ထင်မှတ်ခဲ့ကြသည်။ လူတို့သည် ဂြိုဟ်နတ်များ ချစ်ခင်စေရန် ကြမ္မာကောင်းများ ဖြစ်ပေါ်စေရန် အတွက်ဂြိုဟ်နတ် ၉ ဦးကိုပူဇော်ကြသည်။  
ထိုဂြိုဟ်နတ် ၉ လုံးပူဇော်မှု အလေ့သည် အိန္ဒိယမှတဆင့် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည်။ မြန်မာတို့၏ ဂြိုဟ်ကြီး ၉ လုံးပူဇော်ပွဲတွင် ဘုရားနှင့် ရဟန္တာ ၈ ပါး တို့ကိုပူးတွဲ ထည့်သွင်းထားကြသည်။ ဗုဒ္ဓဘာသာနှင့် လိုက်ဖက်စေရန် ဖန်တီးထားခြင်းဖြစ်သည်။
ထို့ကြောင့် မြန်မာတို့က ကိုးဆူဆွမ်းကပ် ဟုလည်းခေါ်ကြသည်။ အချို့က ဂြိုဟ်စာကျွေးပွဲ ဟုလည်းခေါ်ကြသည်။  ဤဘုရား ၉ ဆူ ဆွမ်းကပ်ပွဲဓလေ့မှာ မြန်မာတို့က တီထွင်ထားခြင်းမဟုတ် ထိုင်းနီုင်ငံ ဇင်းမယ်မှတစ်ဆင့် ကူးပြန့်လာသည်ဟုဆိုသည်။
မြန်မာနိုင်ငံရှိ အချို့ဘုရားပုထိုး များတွင် ဘုရားနှင့်တွဲ၍လည်းကောင်း ၊ ဘုရားဝင်းအတွင်း၌လည်းကောင်း ဂြိုဟ်ရုပ် ဂြိုဟ်တိုင်များကိုပြုလုပ်လေ့ရှိကြသည်။
တစ်ချိန်ကဆိုလျှင် ဗုဒ္ဓဘာသာဂုဏ်ဆောင် မြန်မာနိုင်ငံဂုဏ်ဆောင် ဖြစ်သော ရွှေတိဂုံစေတီတော်ကြီး၏ခြေရင်းမှာပင် ဂြိုဟ်ရုပ်ကြီးများကို တည်ထားခဲ့ကြလေသည်။
(ဗုဒ္ဓဘာသာကို အကျည်းတန်စေသော သရုပ်ပြမြင်ကွင်းများဖြစ်ခဲ့ပေ၏ )
ကောင်းကင်ရှိ ဂြိုဟ်များသည် လူ့ကမ္ဘာ နှင့် လူသားတို့အား အဆိုးအကောင်း ကိုပြုလုပ် ပေးနိုင်သလော ဟူသောပုစ္ဆာကို ယနေ့ သိပ္ပံ ပညာရှင်တို့ လေ့လာနေကြဆဲဖြစ်သည်။
ရှေးခေတ်က ခံယူခဲ့သော ဂြိုဟ်နှင့်ပတ်သက်သော အယူအဆ များမှာ အနုမာနအားဖြင့် ရမ်းဆကိုးကွယ်ခြင်းမျှသာ ဖြစ်ပါသည်။ ဂြိုဟ်နှင့်ပတ်သက်သော ယဉ်ကျေးမှုများမှာ လည်းစိတ်အတွေးဖြင့်မွေးထုတ်ထားသော ဒဏ္ဍာရီ သရုပ်များသာဖြစ်၏။
                   နတ်ကြီး ၅ ပါး နှင့် ဒေ၀ီ ၂၁ ပါး

မြန်မာပြည်တွင် အချွှိုပုဂ္ဂိုလ်တို့သည် နတ်ကြီး ၅ ပါး နှင့် ဒေ၀ီ ၂၁ ပါး တို့ကို လည်းကိုးကွယ်ကြသည်။ ထိုနတ်များမှာ အများအားဖြင့် အိန္ဒိယ ပြည်သား နတ်များသာဖြစ်သည်။ 
ကိုးဆူဆွမ်းကပ် ဟုခေါ်သော ဂြိုဟ်စာကျွေးပွဲ တွင် လည်း နတ်ကြီး ၅ ပါး အတွက် ထမင်း ၅ ပွဲပြင်ကြရသည်။ မြန်မာတို့၏ နှုပ်ဖျားတွင် နတ်ကြီး ၅ ပါး ဟု အပြောများကြသော်လည်း နတ်စာရင်းကိုမူ အတိအကျ ပြေနိုင်သူ နည်းပါး လှသည်။
 ဤ သို့ မပြောနိုင်ခြင်းမှာလည်း ရေတွက်ပုံရှုပ်ထွေး နေသောကြောင့် ဖြစ်၏။
  အချို့က သိကြားမင်း နေနတ် မီးနတ် မဟာပိန္နဲနတ် ဗိဿနိုးးနတ် ကတဲနတ်တို့ကို ကောက်ယူကြသည်။
 အချို့က ပရမိသွာ နေနတ် မီးနတ် ဗိဿနိုးနတ် စဏ္ဍီနတ်  တို့ကို ကောက်ယူကြသည်။
အချို့က ဓတရဋ္ဌ ၀ိရူပက္ခ ၀ိရူဠက ကုဝေရ ပရမိသွာ     တို့ကိုကောက်ယူကြသည်။
အချို့က သူရဿတီ စဏ္ဍီ ပရမိသွာ မသာပိန္နဲ ဃောရမန္တနတ် တို့ကိုကောက်ယူကြသည်။
အချို့က ပရမိသွာ မဟာပိန္နဲ ဗိဿနိုး စဏ္ဍီ သူရဿတီနတ်       တို့ကို ကောက်ယူကြသည်။
 ယခုခေတ် ကိုးဆူ ဆရာတို့ကမူ  သူရဿတီ မဟာပိန္နဲ စဏ္ဍီ ပရမိသွာ ဃောရမန္တနတ်  တို့ကို အတည်ပြု၍ ပူဇော်နေကြသည်။
 ထို နတ်ကြီး ၅ ပါး ဆိုသူတို့၏ သမိုင်းဖြစ်စဉ်ကို လေ့လာလျှင်လည်း ဟိန္ဒူဘာသာ၌ ပါဝင်သောနတ်များဖြစ်သည်ကိုတွေ့ရ၏ ။
 ဗုဒ္ဓဘာသာနှင့် မည်သို့မျှ ယှက်နွယ်မှု မရှိချေ  နတ်ကိုးကွယ်သူတို့ လောက၌ ဒေ၀ီ ၅ ပါး ဒေ၀ီ ၉ ပါး ဒေ၀ီ ၁၂ ပါး ဒေ၀ီ ၂၁ ပါး  ဟူ၍  နတ်များကိုအုပ်စုဖွဲ့ ၍ ကိုးကွယ် မှုများလည်းရှိသည်။
ထိုအထဲတွင် ဒေ၀ီ ၂၁ ပါး ခေါ် နတ်မိမယ်အုပ်စုသည် ဂိုဏ်းလောကတွင်ကျယ်နေ၏။ ယင်း ၂၁ ဦးကို ဂုဏ်း သမားတို့က ၃ အုပ်စု ခွဲခြားထားပါသည်။
အုပ်စု ( ၁ ) တွင် သူရဿတီဒေ၀ီ စန္ဒာဒေ၀ီ စန္ဒီဒေ၀ီ စန္ဒေဒေ၀ီ စန္ဒောဒေ၀ီ မိန္နရာဒေ၀ီ မဟာဒေ၀ီ   ဟူ၍  ၇ ဦး //
အုပ်စု (၂ ) တွင်  သူရဿတီ သူဇာမယ် ပန်းမြတ်မယ် သဇင်မယ် ဇာတိမယ် မဏိမေခလာမယ် ဣရန္နသီမယ်   ဟူ၍ ၇ ဦး  // 
 အုပ်စု ( ၃ ) တွင်   မနောဟရီဒေ၀ီ ဣရန္နသီဒေ၀ီ နာဂရီဒေ၀ီ ကိန္နရာဒေ၀ီ သူရဿတီဒေ၀ီ မဟိန္ဒရာဒေ၀ီ ပိယာဒေ၀ီ  ဟူ၍  ၇ ဦး ။။။
ထို  ၃ အုပ်စုထဲတွင် သူရဿတီ သည်အုပ်စုအားလုံး ၌ပါဝင်နေသည်။ အခြားနတ်မယ်တို့လည်းထပ်တူပါဝင်နေကြ၏ ။
ယင်းနတ်မိမယ်တို့၏ အမည်များကိုလေ့လာကြည့်လျှင်  ဗုဒ္ဓဘာသာ ဟိန္ဒူဘာသာ မြန်မာဘာသာ နာမည်များကိုတွေ့ရမည်။
အချို့ ပါဠိနာမည်များမှာ မဖြစ်နိုင်သောနာမည်များဖြစ်သည်  ။ ထိုနတ်မိမယ် အုပ်စုမှာ ခပ်ညံ့ညံ့ ဂိုဏ်းသမားတို့က ကြားဖူးနားဝ ရှိသော နာမည် တို့ကို ပေါင်းစု ကိုးကွယ် ခဲ့ကြသော ဗရုပ်ရှုပ်ထွေးစ နတ်အုပ်စု တစ်ခုဖြစ်လေသည်
  ထို ၂၁ ဦး ဒေ၀ီ ကော်မတီကို ကိုးကွယ်လျှင်  လာလ်လာဘ ပေါများခြင်း စည်းစိမ်ဥစ္စာတည်တံ့ခြင်း ဩဇာအာဏါရှိခြင်း ရာထူးတိုးတက်ခြင်း ခြွေရံသင်းပင်းပေါခြင်း အကြားအမြင်ရခြင်း အကြောင်းကိစ္စရှိလျှင် အကူအညီရခြင်း  စသော အကျိုးတရားများ ကိုရရှိစေနိုင်သည်ဟု၍ လူပြိန်းကြိုက် မက်လုံးဖြင့် စည်းရုံး ထား ကြလေသည်။
 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~                 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
          ပြည်တွင်းဖြစ် နတ်များ ကိုးကွယ်မှု

   မြန်မာတို့သည် အိန္ဒိယနိုင်ငံဖြစ်နတ်များကို ကူးယူကိုးကွယ်ခဲ့ကြသကဲ့သို့ မိမိတို့ ပြည်တွင်း၌လည်း နတ်သစ်များကို မွေးထုန် ကိုးကွယ်ခဲ့ကြပါသည်။
မဟာဂီရိ ခေါ် အိမ်တွင်းနတ် နှင့်အပေါင်းအပါ ၇ ဦးနတ်အုပ်စုသည် မြန်မာတို့ ရှေးဦးတီထွင် ကိုးကွယ်ခဲ့သော နတ်များဖြစ်ပါသည်။
 မြန်မာတို့သည် ပုဂံခေတ်တွင် နတ်သစ်များကို ဆက်လက်ဖေါ်ထုတ်ခဲ့ ကြရာ ပုဂံခေတ်ကုန်ချိန်၌ နတ်ဦးရေ  ၂၂ ဦးမျှ ရှိလာသည်။ ထို့နောက်လည်း နတ်သစ်များကို ဆက်လက်ဖေါ်ထုတ်ခဲ့ရာ   ပင်းယခေတ်တွင်   ၁ ဦး  အင်းဝခေတ်တွင်  ၉  ဦး  တောင်ငူခေတ်တွင်   ၅  ဦး မွေးထုတ်ခဲ့ကြသည်။  နတ်ပေါင်း ၃၇ ဦးမျှ ရှိလာသည်။ ယင်းနတ်တို့ကို မြန်မာတို့က အပြင် ၃၇ မင်း ဟုခေါ်ကြသည်။
တောင်ငူခေတ်တွင် နတ်တီထွင်မှုများ တိမ်မြုပ်သွား၏ ။နတ်ဆရာတို့ကလည်း နတ်ဦးရေ ကို  ၃၇ ဦး ထက်ပိုစေချင်ဟန်မတူပေ။ ထို့ကြောင့် တောင်ငူခေတ်တွင် နတ်မှတ်ပုံတင်လုပ်ငန်းကိုပိတ်ထားလိုက်၏ ။
အပြင် ၃၇ မင်းခေါ် နတ်စာရင်းတွင် သိကြားနတ်မှ လွဲလျှင် အားလုံးမှာ ပြည်တွင်းဖြစ် နတ်များသာဖြစ်သည်။  မြန်မာနတ်နှင့် အိန္ဒိယနတ်တို့ကို လေ့လာလျှင် ခြားနားမှု ရှိသည်။
အိန္ဒိယမှလာသော နတ်များသည် သဘာဝကိုးကွယ်မှုမှ ဆင်းသက်လာသော နတ်များဖြစ်၍ အများအားဖြင့် ရုပ်ပစ္စည်းတို့ကို အသက်ဝိညာဉ်သွင်း၍ သက်ရှိအဖြစ်ကိုးကွယ် ခဲ့သောနတ်များဖြစ်သည်။
 မြန်မာပြည်ဖြစ် နတ်တို့ကား မြန်မာ့သမိုင်းတွင် ရှိနေသော ရာဇ၀င် ဇာတ်ကောင် အသိးသီးတို့မှ ဖြစ်သွားသော နတ်များဖြစ်သည်။ အများအားဖြင့် နတ်ဖြစ်သူတို့မှာ ရာဇ၀င်ထဲမှ အစိမ်းသေ ပုဂ္ဂိုလလ်များ ဖြစ်ပေသည်။
ထို့ပြင် နတ်လောက၌ အတွင်း  ၃၇  မင်းဟု ခေါ်သောနတ်များလည်း ရှိသေးသည်။  ထိုနတ်များအနက်  ၂၂ ဦးသော နတ်တို့မျာ မြန်မာအမည်များဖြင့် ခေါ်ဝေါ် ထားသော ကြောင့် ပြည်တွင်းဖြစ် နတ်များပင် ဖြစ်နိုင်ပါသည်။ မြန်မာတို့က အတွင်း  အပြင် ခေါ်နေသော  နတ်များမှာ ရွှေစည်းခုံ ဘုရား တံတိုင်းအတွင်းရှိ နတ်များကို  အတွင်း  ၃၇ မင်း ဟုခေါ်ခြင်းဖြစ်သည်။ တံတိုင်း အပြင်ဘက်၌ ထားသော နတ်ရုပ်များကို  အပြင် ၃၇ မင်း ခေါ်နေခြင်းဖြစ်ပေသည်။
  မြန်မာနိုင်ငံ အတွင်းတွင်  ၃၇ မင်း နတ်စာရင်း၌ မပါဝင်သော ဒေသန္တရ နတ်များလည်း အများအပြားရှိသည်။
ရေငံပိုင် ဦးရှင်ကြီး နံကရိုင်း စသောနတ်များသည် နာမည်ကြီး များဖြစ်ပေသည်။  ယခုအခါ မြန်မာနိုင်ငံ တွင် ရွာတောာ်ရှင် မြို့တော်ရှင် နယ်တော်ရှင် ကွင်းပိုင် နယ်ပိုင် စသောနတ်များမှာ ဒေသတိုင်းလိုလို ပင် ရှိနေသည်။  နတ်ကွန်းနတ်နန်း အမျိုးမျိုး တည်ထောင်၍ ပုံအမျိုးမျိုး ထုလုပ်ကာ ပူဇော်ပသ နေကြသည်။
 ယခုအခါ တောင်ပြုံး အရပ်ရှိ ကုလားဘီလူးကပြား  ညီနောင်နတ်ပွဲ  ပခန်းကြာကူလီနတ်ပွဲ စသည်တို့မှာ အလွန်ကျယ်ပြောနေခဲ့ပြီ။
ပခန်း ကြာကူလီ နတ်ပွဲ ရက်များဆိုလျှင် ပခန်းအရှေ့ဘက်တွင်     အခြားပွဲသဘင်များမပြုလုပ်ရ…နတ်မကြိုက်…. ဟုဆိုကာ  ဦးမင်းကျော်အာဏာကို အငှားသုံး၍ ထွင်လုံးဖြင့် တားဆီးထားကြသည်။ နတ်ပွဲ စည်ကားရေးအတွက် တားဆီးထားခြင်းသာဖြစ်သည်။
ယခင် ၁၀ စုနှစ် အတွင်းလောက်မှာပင် ပုဂ္ဂလိက နတ်ကိုးကွယ်မှု ကနားပေးမှုများ ခေတ်စားခဲ့လေသည်။ ထိုပွဲများကို မြို့ဒေသမှ ပုဂ္ဂိုလ်များက ပို၍ပြုလုပ်ကြသည်။ ရပ်ကွက်တိုင်းလိုလိုမှာပင် အသံချဲ့စက်ကို ခေါင်မိုးပေါ်တင်၍ သစ်ပင်ပေါ်တင်၍ အော်ဟစ်ဆူညံနေသော နတ်တေးသံ နတ်ဒိုးသံ များကို နားမခံသာအောင် ကြားနေကြရပါသည်။
စိတ်အတွေးဖြင့် အလုပ်လုပ်သူတို့ နားရှုပ် သောကြောင့် အလုပ်မဖြစ်ကြ….. လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အကြောင်းပြု၍ လူထုကို နားဒုက္ခပေးနေသော သရုပ်ပျက် ယဉ်ကျေးမှုသာဖြစ်ပေသည်။
နတ်ပွဲများ စည်ကားလာခြင်း နတ်ပနားပေးပွဲများထုပြောလာခြင်းမှာ နတ်ကို ယုံကြည် ကိုးကွယ်သူများ  များပြားလာခြင်းပင်ဖြစ်ပေသည်။ ယနေ့ မြန်မာနိုင်ငံတွင် နတ်ပွဲကြီးများ စည်ကားနေခြင်း အကြောင်းမှာ လူတန်းစား  ၃ ရပ်ကိုအခြေခံ၏…ယင်းတို့မှာ……………..
(၁) အပျော်ကြီးသူများ  (၂) အလိုကြီးသူများ   (၃)  အကြောက်ကြီးသူများ ဖြစ်ကြသည်။   အထက်ပါ စိတ္တဇဝေဒနာသည် လူတန်းစားများကို အခြေခံထား၍ နတ်များကြီးထွား ရှင်သန်နေကြသည်။
 ထိုလူတန်းစားများအနက်  အမှတ်  ၂ / ၃  ကိုလေ့လာစီစစ်ကြည့် ရပါမည်။ အမှတ်  ၂ လူတန်းစားမှာ နတ်ကို ကိုးကွယ်ပူဇော်ခြင်းဖြင့် မိမိတို့စီးပွား လာဘ်လာဘ စသည် တိုးပွားလာလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ပူဇော်နေကြခြင်းဖြစ်၏။
ဤနေရာ၌ မနုဿဗေဒ ပညာရှင်တို့၏ စကားကို သတိရဖွယ်ဖြစ်သည်။ မနုဿဗေဒ ပညာရှင်တို့က   ထာဝရဘုရားသည် လူကိုဖန်ဆင်းထားခြင်းမဟုတ် လူတို့ကသာ ထာဝရဘုရားကို ဖန်ဆင်းထားခြင်းဖြစ်သည်။  ဟုဖန်ဆင်းရှင် ၀ါဒကို တော်လှန်ပြခဲ့ ကြသည်။
ထိုစကားနည်းမှီ၍………………… နတ်တို့သည် လူကိုမစနိုင်ခြင်းမရှီ လူတို့ကသာလျှင် နတ်ကို မစနေရခြင်းဖြစ်သည်။     ဟုဆိုရပေလိမ့်မည်။ မှန်ပါသည်……
နတ်တို့တည်ရှိနေသည်မျာ လူတို့ကိုးကွယ်ပူဇော် နေကြသောကြောင့် ဖြစ်သည်။  လူတို့က မကိုးကွယ်တော့ပြီဆိုလျှင် နတ်များလည်း ပျောက်ကွယ်သွား ရမည်သာ ဖြစ်သည်။
နတ်ဆိုသည်မှာ လူတို့အတွေးစိတ်ဖြင့် မွေးထုတ်ထားသော စိတ္တဇ ရုပ်ဆောင် များသာဖြစ်ကြောင်း နားလည်အပ်ပေသည်။ ကမ္ဘာတစ်ခွင် ရှေးဟောင်းသမိုင်းစဉ်ကို လေ့လာရာ၌လည်း ထိုသဘောကိုသိလာရမည်ဖြစ်ပေသည်။
BC 5000 ခန့်မှစ၍ နတ်ကိုးကွယ်မှု သမိုင်းကို စတင်ခဲ့ရာ ယနေ့အထိ နတ်အမြောက် အများပေါ်ထွက်ခဲ့၏။ တစ်ခြားနိုင်ငံများကို ထားဘိဦး အိန္ဒိယ နိုင်ငံတစ်ခု တည်းမှာပင် နတ်ပေါင်း  ၃၃ ကုဋေ ကျော်မျှ မွေးထုတ် ပူဇော်ခဲ့ကြသည်။
 လူသားတို့၏ လူသားတို့၏ စိတ်ကူးဥဏ် များသလောက် နတ်များ ပေါက်ပွားခဲ့သည်။ ထိုနတ်များသည် လူတို့၏ ယုံကြည်ကိုးကွယ် နေချိန်၌သာ တည်တံ့နေခဲ့၏။ လူတို့မယုံကြည် မကိုးကွယ် လျှင်နတ်များလည်းပျောက်ကွယ်ကုန် ကြသည်။
ထို့ကြောင့် နတ်ဆိုသည်မှာ လူတို့က ဖန်ဆင်းထားသော  အရာများဖြစ်သည်ဟုဆိုလျှင်လည်း လွန်အံ့မထင်…….. လူတို့က ဖန်ဆင်းထားသော နတ်တို့သည် လူကိုပင်တည်မှီ နေရ၏ ထို့ကြောင့် နတ်တို့အား လူတို့က မစနေရခြင်း ဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်ပေသည်။
  နတ်တို့သည် လူတို့အား ဒုက္ခ ရောက်အောင်လုပ်နိုင်သည်ဟု ယုံကြည်သောကြောင့် ကိုးကွယ်သူတို့ ကလည်းရှိ၏ ပသနေသူများရှိ၏ … ဤယုံကြည်မှု မှာလည်း လူတို့ကပင် ဖန်ဆင်းပေးထားသော အာဏာပေးထားသော ယုတ္တိမဲ့ ယုံကြည်မှုသာဖြစ်သည်။
တကယ်တန်း ဆန်းစစ်လျှင် စိတ္တဇလုပ်ရပ် ထိုထိုနတ်တို့သည် လူသားတို့အား သုခပွားရန်အတွက် လည်းကောင်း ဒုက္ခ များစေရန်အတွက်လည်းကောင်း ဘာမျှမပြုလုပ် နိုင်ကြချေ။
ဤသို့ အတွေးမှန် အမြင်မှန် စိတ်ဓါတ်ဖြင့် သုံးသပ်လျက် ဆုံးဖြတ်နိုင်ကြစေရာ၏။ မြန်မာနိုင်ငံသားတို့၏ နတ်ကိုးကွယ်မှုသည် ထေရ၀ါဒ ဗုဒ္ဓဘာသာအား အရုပ်ဆိုး အကျည်းတန်စေရန် အရောင်ဆိုးနေကြခြင်းဖြစ်ကြောင်း သတိပြုမိစေလိုပါသည်။    နတ်ကိုးကွယ်သော သူများမှာ ……………………
အတွေးအခေါ် ချည့်နဲ့သော ခေတ်ပညာတတ်များ………
ဆင်ခြင်ဥာဏ်အားနည်းသော  စီးပွားဓနရှင်များ…………..
အသိပညာနှုန့်နဲ့ သောလူပြိန်းများ……………….
စိတ်ကူးယဉ်ဘ၀ကို မျှော်လင့်သော လောဘရှင်များ…………………
စသည်ဖြင့် အမျိုးအစားစုံလင်လှပေသည်။…………………………….
စာဆိုတော်ရှင် မဟာရဋ္ဌသာရ ဆရာတော်က ကိုးခန်းပျို့ ၄၂ ၌ ဤသို့ ဖွဲ့ဆိုပြ၏………….
သက်ခတ်ဂြိုဟ်သွား ဂြိုဟ်စား ဂြိုဟ်ပျက် ဓါတ်ရက် မိတ်ရန် သုံးတန်ပေါ်နိစ် ဂြိုဟ်အိပ်
စန်းကျ မူလအာဒိ သီရိအဆုံး ပတ်ကုံးရက်ပိုင်း သင်္ချိုင်းလေးထောင့် နတ်စောင့် နတ်နေ
ရှစ်ထွေအခါ ဖီလာကရဏ ပဉ္စတီထိ ယာယီယတြာ ဇာတာအိမ်မက် မပျက်မပြု
ထိုအစုကား ပညတ်မျှသာ ကြောင်းရင်းရှာမူ ကြမ္မာဖြင့်ချည်း ဖြစ်သတည်းဟု
ခမည်းယုံစေ စိတ်မသွေလင့် သဗ္ဗေသတ္တာ သတ္တ၀ါဟု နာနာလောက အနန္တကို
ကမ္မဿကာ မှတ်ထင်ရာသည် ယင်းသာ ဘူတ၀ါဒီတည်း…………….။
 သံဝေဂ ၉ ခန်းပျို့ ၌လည်း……………………..
အခမ်းအနား နတ်ထိန်းများနှင့် သောက်စားမြူးအော် တစ်ကြော်ကြော်ဟစ် နတ်သံပစ်၍
မူးရစ်မှိုင်းဝေ အထွေထွေလျှင် လူ့မည်နတ်ရွာ နတ်မိစ္ဆာကို ကယ်သာထင်မှတ်
သဘောကပ်၍ နတ် လူ ဗြဟ္မာ သတ္တ၀ါကို ကံသာအရင်း ပြုဖန်ဆင်းဟု ယူလျင်းအပ်စွာ
ယခုမှာကား ချမ်းသာ ဆင်းရဲ နတ်ခပဲသည် ပေးမြဲတို့မှာ ထင်မှတ်ရှာသည် မိစ္ဆာယူမိ ယူမှားတည်း………………………….
စိန္တကျော်သူ ဦးဩ  က……က၀ိလက္ခဏသတ်ပုံကျမ်း၌………………………………..
မိစ္ဆာအားလုံး လွှမ်းပိတ်ဖုံး တောင်ပြုံး ညီနောင်နန်း……………….
မန်လည်ဆရာတော် ဘုရားကြီးက မာဃဒေ၀ လင်္ကာသစ်၌……………….
ပညာရှိများ ဗောဒိသတ်တို့ နက္ခတ်ယှဉ်ရာရက်မရွေးဘူး အရေးလက်ရောက် မျက်မှောက်
ကျိုးထင် ဤလျှင်သင့်မြတ်ကောင်းလင့်ရာ၏ စနေ အင်္ဂါ ရက်ရွေးခါနှင့် တာရာဂြိုဟ်မျိုး
ကောင်းကင်မိုးက ဖြစ်ကျိုးယုတ်မြတ် ဘယ်ပြုတတ်လိမ့် နက္ခတ်ချိန်သင့် ငံ့လင့်ကုန်ကြ
လူ့ဗာလတို့ ရအံ့ ချက်ခြင်း လက်ငင်းချမ်းသာ လွန်တတ်စွာ၏ မိစ္ဆာစွဲနေ မသန်စေနှင့်
ဟူးရားအလို နက္ခတ်ဂြိုဟ်နှင့် ထိုထိုတာရာ မိုးအာကာက ရောင်ဝါနွမ်းညှိုး
အောက်လူမျိုးအား ဖြစ်ကျိုးတစိ ဘယ်ပြုဘိအံ့ သုခ ဒုက္ခ ကြောင်းမူလကို ကမ္မတရား
နှစ်ပါးဖြင့်သာ ကျမ်း၌လာ၏………………………
လူတို့သည် ဘ၀နှင့် ဘ၀ခံစားမှုအတွက် အာသာရမ္မက်ပြင်းစွာ လုပ်ကိုင်နေကြသည်။ အာသာရမ္မက်အတွက် ကိုးကွယ်ရာကို ရှာဖွေဆည်းကပ်နေကြသည်။
ယုံကြည်စရာကို ရှာဖွေ ခက်ခံနေကြသည်။ ယုတ္တိရှိ - မရှိ အသိဥာဏ်ဖြင့် အမြင်မှန်မရ နိုင်ခဲ့ကြပေ ဤသို့ ယုတ္တိမဲ့ ကိုးကွယ်မှုနှင့် ယုံကြည်မှုများကကို ထေရ၀ါဒ ကငြင်းပယ်ထား၏ ထေရ၀ါဒအမြင်နှင့် ဆန့်ကျင်သည့် ဤယုတ္တိမဲ့ အတွေးအမြင်တို့ကို
ဗုဒ္ဓ ဒေသနာတော်လာ စကားရပ်တို့ဖြင့် ယှဉ်ကပ်၍
သုံးသပ်ကြပါဦးစို.့………………………….
     …….ထေရ၀ါဒ ဗုဒ္ဓဘာသာမူ  ၅  ရပ် ……..
ဗုဒ္ဓဘုရားရှင်သည် မိမိ၏ ဘာသာတရားတော်ကို သက်ဝင်ယုံကြည်သော ဥပါသကာ အစစ်ဖြစ်ရေးအတွက် ဥပဒေသ  ၅  ချက်ကို စံပြုသတ်မှတ်ထားသည်…ယင်းတို့မှာ……
(၁)       ယုံကြည်မှု သဒ္ဒါတရားရှိရမည်………………….
(၂)       စောင့်ထိန်းမှု သီလရှိရမည်……………………….
(၃)       ကောတုဟလ မင်္ဂလာကို မယုံကြည်ရ……………
(၄)       ကံကိုသာ ယုံကြည်သူ ဖြစ်ရမည်…………………..
(၅)       သာသနာတော် ပြင်ပ ကိုးကွယ်မှုကို မရှာမှီးရ     ဟူ၍ဖြစ်ပါသည်။
{ ၁ }   ယုံကြည်မှုသဒ္ဒါတရား….ဆိုသည်မှာ ဗုဒ္ဓ ဓမ္မ သံဃ တို့၌ အပြည့်အ၀ ယုံကြည်သူ ကိုဆိုလိုပါသည်။
{ ၂ }  စောင့်ထိန်းမှု သီလ ဆိုသည်မှာ ဗုဒ္ဓဘာသာကသတ်မှတ် ထားသော ကိုယ်ကျင့်သီလ စောင့်ထိန်းသူဖြစ်ရပါမည်။
{ ၃ }  ကောတုဟလ မင်္ဂလာ ဆိုသည်မှာ ပြဿဒါး ရက်ရာဇာ နေကြတ် လကြတ် စသောစိတ်ကူးယဉ်အတွေးတို့ ၌ ယုံကြည်နေမှု မရှိစေရ………..
{ ၄ }  ကံကိုသာယုံကြည်ခြင်း  ဆိုသည်မှာ ဒသ၀တ္ထုက ကမ္မဿကတာ သမ္မာဒိဋ္ဌိအမြင်နှင့် ပြည့်စုံရမည် …..မိမိ၏ ကံနှင့် ကံ၏အကျိုးဆက်ကိုသာ ယုံကြည်ရမည် …………အခြားယုံကြည်မှုများကို မယုံကြည်ရဟုဆိုလိုပါသည်။
{ ၅ }   သာသနာတော်မှ အပဖြစ်သော ကိုးကွယ်မှုများ သာသနာပြင်ပမှ အလှုခံ ပုဂ္ဂိုလ် တို့ကို ရှာမှီး၍ မဆည်းကပ်ရပါ………… နတ် သိကြား  ဗြဟ္မာ ဂြိုဟ်နတ် ထွက်ရပ်ပေါက် ဘိုးတော် မယ်တော် ၀ိဇ္ဇာ စသော သာသနာပြင်ပ ကိုးကွယ်မှု ကိုရှောင်ရှားရမည်ဟု ဆိုလိုပါသည်။

အချင်း ထေရ၀ါဒီ ဗုဒ္ဓ၀ါဒီ ဥပါသကာ  ဥပါသိကာတို့ သင်တို့သည် ဗုဒ္ဓအလိုကျ ဂုဏ်မြောက်သော ဥပါသကာယောင်္ကျား အစစ်ဖြစ်ပြီလော….ဥပါသိကာ မိန်းမ အစစ်ဖြစ်ပြီလော  …….ဤမေးခွန်းကိုမူ မိမိ ကိုယ်တိုင် ရိုးသားစွာ ဖြေဆိုကြရပေလိမ့်မည်။



ရေစကြို အရှင် ဧသိက { ဘုန်းနွယ် }   ၏
                ထေရ၀ါဒ ဗုဒ္ဓဘာသာ   အမည်ရှိ စာအုပ်မှ ပြန်လည် ကူးယူ တင်ပြပါသည် ။ 
အများအယွင်းတစ်စုံတစ်ရာရှိပါက  ကျွန်တော့်၏ တာဝန်သာဖြစ်ပါသည် ။  
  ကျော်ကျော်
Shwenantawwin@gmail.com........lamineiant@gmail.com                 

No comments:

Post a Comment