Saturday 26 November 2011

ထေရ၀ါဒ သင်္ဂါယနာ တင်ပွဲများ နိဒါန်း

                        သင်္ဂါယနာ နိဒါန်း
ရှင်မဟာကဿပ မထေရ်ကြီးသည် သံဃာအစည်းအဝေးကြီးတွင် င်္သဂါယနာတင်ပွဲ ကျင်းပရေးကို အဆိုပြု လျှေက်ထားခဲ့၏ ။ ……….{ငါ့ရှင်တို့ သုဘဒ် လိုရဟန်းပျင်းများ အသင်းအပင်းများခဲ့လျှင် ဗုဒ္ဓဘုရားရှင်၏ ဩ၀ါဒ ဒေသနာတော်များ ကွယ်ပသွား နိုင်ပါသည်။ ဘုရားရှင်၏ ဒေသနာတော်များ မပျက်မစီး တည်ရှိနေမှသာလျှင် ဘုရားရှင် ၏ သာသနာတော် တည်တံ့ နေမည်ဖြစ်ပါသည်။ ဒေသနာတော်တည်တံ့နေသမျှ ဘုရားရှင် သက်တော်ထင်ရှားရှိနေသကဲ့သို့ ဖြစ်ပါမည်။ သို့ဖြစ်၍ ………………………….
*မသူတော်တရားမပြန့်ပွားမီ……သူတော်ကောင်းတရားများ မပျောက်ပျက်မီ…..
*အလဇ္ဇီ အ၀ိနယဓမ္မ မပြန့်ပွားမီ…….လဇ္ဇီ တို့ ၀ိနည်းတရား မပျက်ပြားမီ…….
*အဓမ္မ ၀ါဒီတို့ အင်အား မကောင်းမီ……ဓမ္မ ၀ါဒီတို့ အားမနည်းမီ………………..
ဘုရားရှင်ဟောကြားတော်မူသော…သုတ္တန်ဒေသနာတော် … ၀ိနည်းဒေသနာတော်……. အဘိဓမ္မာဒေသနာတော်…… တို့ကို စုပေါင်း၍ င်္သဂါယနာ တင်ကြပါကုန်အံ့…..}   ဟုလျှောက်ထား၏ ။ ရှင်ကဿပ ၏ အဆိုပြုချက်ကို သံဃာတော်တို့က { အရှင် တင်ပြသော အကြောင်းမှာ အလွန်သင့်လျော်လှပါသည်၊ င်္သဂါယနာတင်ရန်အတွက် အရှင်ဘုရားက ဦးဆောင်ဦးရွက်ပြု၍ သံဃာတော်တို့ကို ရွေးကေါက် တော်မူပါ } ဟုလျှောက်ထားကြသည် ။

            
               ပထမ သင်္ဂါယနာပွဲတော်  
ရှင်မဟာကဿပမထေရ်ကြီးသည် သင်္ဂါယနာပွဲ ကျင်းပနိုင်ရန်အတွက် ပရိယတ္တိ ကျွမ်းကျင်တော်မူသော ပဋိသမ္ဘိဒါပတ္တ ရဟန္တာ  ၄၉၉ ပါးကိုရွေးချယ် စီစစ်၍ စာရင်းကောက်ယူသည်။ သင်္ဂါယနာတင်ပွဲအတွက် ရဟန္တာ  ၅၀၀ ပါဝင်ရန် ရည်ရွယ်ထားသည်။ ထိုအထဲတွင် ရှင်အနန္ဒာ ပါဝင်ရန်လည်း ရည်ရွယ်ထားသည်။ ထိုအချိန်၌ ရှင်အနန္ဒာ မှာ သောတပန် အဆင့်သာ ရှိနေသေးသည့်အတွက် စာရင်းမသွင်း နိုင်သေးပေ………ထိုအခါ အခြား သံဃာတော်တို့ကရှင်အနန္ဒာသည် သေက္ခ ပုဂ္ဂိုလ်ပင် ဖြစ်သော်ငြားလည်း…တရားအရာ၌ ဘဏ္ဍာစိုးကြီးဖြစ်ကြောင်း ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို ဘုရားရှင်ရှေ့တော်မှာ သင်ကြား၍ နှုတ်တွင် ဆောင်ထားနိုင်သူဖြစ်ကြောင်း မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်ခဲ့သော လက်ရင်းတပည့် ကြီး ရှင်အနန္ဒာ ကို ချန်ထားပြီး င်္သဂါယနာ မတင်သင့်ကြောင်း လျှောက်ထားကြသည် ။    ထိုအခါမှ ရှင်မဟာကဿပသည် ရှင်အနန္ဒာ ကိုရွေးကောက်၍ သံဃာတော်  ၅၀၀  ပြည့်သွား၏……… ရှင်အနန္ဒာသည် မိမိကိုရွေးချယ်ပြီးနောက် ရဟန္တာအဖြစ်ဖြင့် သင်္ဂါယနာတင်ပွဲ ၀င်ရန် တရားဓမ္မကို ရှုကြည့်အားထုတ်လေရာ င်္သဂါယနာတင်မည့်နေ့မတိုင်မီ ရဟန္တာ ဖြစ်သွားလေ၏ ။ ရှင်မဟာကဿပသည် သံဃာတော်  ၅၀၀  ကိုရွေးချယ်ပြီးနောက် င်္သဂါယနာတင်မည့် နေရာအတွက် ရာဇဂြိုဟ်ပြည်ကို ရွေးချယ်လိုက်သည်။ င်္သဂါယနာ တင်မည့် သံဃာတော်တို့သည် ရာဇဂြိုဟ်ပြည်၌ ၀ါဆိုဝါကပ်ရမည်။ အခြား သံဃာတော်တို့ကိုမူ အခြားမြို့ရွာများ၌ ၀ါဆိုစေ၏ ။ သံဃာတော်တို့သည် ရာဇဂြိုဟ်ပြည်၌ ၀ါကပ်ပြီးနောက်                                                              
ရဟန်းတော်    ပါး ကိုရွေးချယ် ရွေးချယ်၍ အဇာတသတ်မင်း ထံစေလွှတ်သည်။ င်္သဂါယနာတင်ပွဲကြီးတွင် အဇာတသတ်မင်းက ပစ္စည်း လေးပါးဒါယကာ ပြုလုပ်၍ အာဏာစက်ဖြင့် ကူညီရန် မေတ္တာရပ်ခံသည်။ အဇာတသတ်မင်းသည် ရဟန်းတော်တို့ အမိန့်ရှိသည်ကို ၀မ်းမြောက် ၀မ်းသာ လက်ခံလိုက်၏ ထို့နောက် တင်ရန်အတွက်  ဝေဘာရတောင် စရည်းပင်ကြီးရှိရာ သတ္တပဏ္ဏိ လှိုဏ်ဂူဝ၌ ကြီးကျယ် ခမ်းနားသော မဏ္ဍပ်ကြီးကို ဆောက်လုပ်ပေးသည် ။ ရှင်မဟာကဿပ နှင့် သံဃာတော် ၅၀၀ တို့သည် ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက်   လ အကြာ မဟာသက္ကရာဇ်  ၁၄၈ ခု ၀ါခေါင်လပြည့် ( လဆုပ် ၄ ဟုလည်းဆိုသည် ) နေ့၌င်္သဂါယနာတင်ပွဲကို ဆင်နွှဲကြလေ သည်။ သင်္ဂါယနာတင်ပွဲတွင် ပထမသံဂီတိနာယက ပုစ္ဆက အမေးပုဂ္ဂိုလ် အဖြစ် ရှင်မဟာကဿပမထေရ်က ဆောင်ရွက်၍ ၀ိနည်းပိဋကတော်ကို ဘုရားရှင် ရှိစဉ်က ဧတဒဂ်ထားခဲ့သော ရှင်ဥပါလိမထေရ်က ၀ိဿဇ္ဇက အဖြေပုဂ္ဂိုလ်ပြု၍ ဖြေဆိုရသည်။ ရှင်အနန္ဒာသည် ပိဋကတ်တော်အားလုံးကို မျက်ကွယ်မရှိ နာကြားခဲ့သူဖြစ်သည်။ သို့သော်လည်း ရှင်ဥပါလိ မှာ ၀ိနည်းအရာ၌ ဧတဒဂ် ထားခဲ့သည်ကို လေးစားသော အားဖြင့် ရှင်ဥပါလိကို ၀ိဿဇ္ဇက အဖြစ်ဆောင်ရွက်စေခြင်းဖြစ်သည်။ ထို့နောက် သုတ္တန်ပိဋက နှင့် အဘိဓမ္မာပိဋက ဒေသနာတို့ကို ရှင်အာနန္ဒာက ၀ိဿဇ္ဇက ပြု၍ ဖြေကြားလေသည်။ ဤကဲ့သို့ အမေးအဖြေများပြုလုပ်ပြီးနောက် သံဃာတော်  ၅၀၀ တို့က စုပေါင်း၍ ရွတ်ဖတ်သရဇ္ဈာယ်တော် မူကြသည်။ ထိုပထမအကြိမ် သင်္ဂါယနာတင်ပွဲ မှာ  ၇  လကြာမှပြီးမြောက်ခဲ့လေသည်။ ဗုဒ္ဓဘာသာဝင်တို့သည် သာသနာသက္ကရဇ်ကို ထိုနှစ်မှစ၍ရေတွက်ခဲ့ကြ၏ ။ သာသနာအစကို ကမ္ဘာ့သမိုင်း ပညာရှင်တို့က  BC 487 ဟုလည်းကောင်း BC 485 ဟုလည်းကောင်း အမှတ်အသားပြုကြသည်။ သီဟိုဋ္ဌ်မူ၌ BC 544 ကိုအတည်ပြုထားကြသည် ။
                              ဒုတိယ သင်္ဂါယနာ တင်ပွဲ
သာသနာတော်နှစ်  ၁၀၀  ခရစ်တော်မပေါ်မီ BC 387 အရောက်တွင် ဝေသာလီပြည်ဝဇ္ဇီ တိုင်းသားရဟန်းတို့သည် ၀ိနည်းတော်နှင့် မညီသော အဓမ္မ၀တ္ထု ၁၀ ပါး ဒသ၀တ္ထုက အကျင့်ကို ကျင့်ကြံပြုမူလာကြသည်။ ထိုအခါ  ဓမ္မ၀ါဒီမထေရ်တို့သည် အဓမ္မ၀ါဒီတို့၏ ၀ိနည်းဒေသနာပြုပြင်ကျင့်သုံးမှုကို ပါယ်ရှားလိုသောကြောင့် ၎င်း ဓမ္မ၀ါဒီကိုကျစ်လစ် ခိုင်မာစေလိုသောကြောင့်၎င်း သင်္ဂါယနာတင်ရန် စီမံကြရပြန်သည်။ ထိုသင်္ဂါယနာ တင်ပွဲကို ရှင်အာနန္ဒာ၏ တပည့်ကြီးများဖြစ်သော သက်တော်  ၁၈၀ ရှိ အရှင်ရေ၀တမထေရ် .. အရှင်သဗ္ဗကာမိမထေရ် …….အရှင်သောဋ္ဌမထေရ် ….အရှင်ခုဇ္ဇသောဘိတမထေရ် ….အရှင်မဟာယဿမထေရ် ….အရှင်သမ္ဘူလမထေရ်….တို့သည်၎င်း ရှင်အနုရုဒ္ဓါသိဒ္ဓိဝိဟာရိကတပည့် အရှင်ဝိသဘဂါမိမထေရ်…အရှင်သုမနမထေရ် …တို့သည်၎င်း ဒုတိဟ သင်္ဂါယနာပွဲ အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်ကြသည်။  ထိုအထဲမှ အချို့မထေရ်တို့သည် ဗုဒ္ဓ ဘုရားရှင်ကိုတွေ့ကြုံ ဖူးမြင်ခဲ့ရသူများဖြစ်သည်။ အထက်ပါ မထေရ်တို့အထဲက အရှုင်မဟာယသမထေရ်ကိုအမှုးထား၍ ရဟန္တာ ၇၀၀ တို့သည် ဝေသာလီပြည် ၀ါလိကာရုံကျောင်းတော်ကြီး၌   လ တိုင်တိုင် ဒုတိယအကြိမ် သင်္ဂါယနာတင်ပွဲကို ကျင်းပကြသည်။ ယင်း သင်္ဂါယနာတင်ပွဲကို ဝေသာလီပြည် ကါလာသောက မင်းကြီးကပစ္စည်းလေးပါးဖြင့် သာသနာ့ ဒါယကါ ပြုလုပ်၍ အာဏာစက်ဖြင့် ဖြည့်စွက် ကူညီခဲ့လေသည်။  

          တတိယသင်္ဂါယနာတင်ပွဲတော် 
 ပါဋလိပုတ်ပြည် အသောက သီရိဓမ္မာသောက မင်းလက်ထက်တွင် ဗုဒ္ဓသာသနာတော် စည်ဝေဖွံ့ဖြိုးနေ၏ ။ အသောကမင်းသည် ဗုဒ္ဓဘာသာဝင် မဟုတ်သော်လည်း နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သည်။ အသောမင်းသည် ဗုဒ္ဓဘာသာဝင် ဖြစ်ပြီးနောက် ဗုဒ္ဓဘာသာကို အကြီးအကျယ်ချီးမြှောက်သည်။ သို့လျှောက်သာသနာ့ဝန်ထမ်း ရဟန်းယောင်္ကျား ရဟန်းမိန်းမများ အမြောက်အများ တိုးပွားလာ၏။ ဤအခြေအနေကိုအခွင့်ကောင်းယူ၍ သာသနာ့ပြင်ပမှ တိတ္ထိတို့သည် ဗုဒ္ဓသာသနာအတွင်းသို့ဝင်၍ ရဟန်းပြုလုပ်ကြသည်။ ယင်းတိတ္ထိတို့သည် ဗုဒ္ဓဘာသာကို ယုံကြည်၍ ၀င်ရောက်လာသူများမဟုတ်ကြ သာသနာတော် တရား ကိုလည်း မသင်ကြားကြပေ ထိုရဟန်းတုရဟန်းယောင်တို့သည် ဗုဒ္ဓတရားနှင့် မစပ်ဆိုင်သော အယူဝါဒများကို ဗုဒ္ဓတရားအဖြစ် ဟောပြောနေကြသည်။ မိမိတို့၏ အယူဝါဒများကို ဗုဒ္ဓတရားထဲသို့ ထည့်သွင်းနေကြသည်။ ဗုဒ္ဓ၏ဓမ္မဒေသနာများ သန့်စင်မှုမရှိတော့ အချို့ရဟန်းတို့ကမူ မီးကိုကိုးကွယ်ကြသည်။ လုပ်ကျွေးကြသည် ။ နေကိုပူဇော်ကြသည်။ လုပ်ကျွေးကြသည်။ ဗုဒ္ဓရဟန်းတော်အမည်ခံပြီး သာသနာ့ပြင်ပ ကိုးကွယ်မှုများကို ပူဇော်ကိုးကွယ်နေကြသည်။ သံဃာစစ် သံဃာမှန်တို့သည် ဖော်ပြပါ ရဟန်းတုများနှင့် အပေါင်းအသင်းမပြုကြ ဥပုသ် ပါဝါရဏာ စသောသံဃာကံများမပြု လုပ်ကြချေ ။ အသောကရုံကျောင်းတိုက်ကြီး၌ နေထိုင်သော သံဃာတို့သည် ဤကဲ့သို့ အယူဝါဒ ကွဲပြားနေခဲ့သည်မှာ နှစ်တာမျှ ကြာမြင့်ခဲ့၏။ အသောက အုပ်ချုပ်သော နယ်မြေအရပ်ရပ်တွင် ဤသို့ပင် သာသနာတော် မစင်ကြယ်မှုများ အယူဝါဒ ရောထွေး နေမှုများ ကျယ်ပြန့်ကားနေလေသည်။ အသောကမင်းသည် ဤကဲ့သို့ မသန့်ရှင်း မစင်ကြယ် ဖြစ်နေသော ဗုဒ္ဓသာသနာတော်ကို သန့်ရှင်းသောသာသနာတော် ဖြစ်စေရန် စီမံသည်။ အသောကမင်းသည် ဗုဒ္ဓသာသနာအတွင်း ၀င်ရောက်နေကြသော ရဟန်းတု ရဟန်းယောင်တို့ကို ၀ါဒရေးနှင့်ပတ်သက်၍ စစ်မေးသည်။ ရဟန်းယောင်တို့သည် ဗုဒ္ဓ၀ါဒ အစစ်အမှန်ကို မဖြေကြားနိုင်ကြ။ ဗုဒ္ဓ၀ါဒမှ ပြင်ပအယူဝါဒများကို ဗုဒ္ဓ၀ါဒ အဖြစ် ရောနှောဖြေဆိုကြသည်။ အသောကမင်းသည် ဤကဲ့သို့ စစ်မေးပြီးနောက် ဗုဒ္ဓ၀ါဒအမှန်ကို မဖြေနိုင်သော ရဟန်းတုတိတ္ထိပေါင်း  ၆၀၀၀၀ ခြောက်သောင်း ကို အ၀တ်ဖြူလဲ၍ လူထွက်စေသည်။ အသောကရုံကျောင်းမှ နှင်ထုတ်ပစ်လိုက်သည်။ အသောကမင်းတရားသည် ဤကဲ့သို့ သာသနာတော် သန့်စင်ရေးကို ဆောင်ရွက်ပြီး နောက် ရှင်မဟာမေဂ္ဂလိ ပုတ္တတိဿ အမှုးပြုသော ရဟန္တာပေါင်း ၁၀၀၀ တစ်ထောင် တို့သည် ဗုဒ္ဓ၏ဓမ္မဒေသနာ သန့်စင်ရေးအတွက် တတိယအကြိမ် သင်္ဂါယနာ တင်ရ ပြန်သည်။တတိယသင်္ဂါယနာတင်ပွဲကို သာသနာနှစ် ၂၃၅ ခု BC 252 နယုန်လ မှစ၍ ပြုလုပ်ရာ လကြာမှပြီးမြောက်အောင်မြင်ခဲ့သည်။ ထိုသင်္ဂါယနာတင်ပွဲ ကြီး၏ ဒါယကာမှာ အသောကမင်းတရားကြီးပင်ဖြစ်လေသည်။ 
                    စတုတ္ထ သင်္ဂါယနာတင် ပွဲတော်
စတုတ္ထ သင်္ဂါယနာမတင်မီ အကြိုနှစ်များက သီဟိုဋ္ဌ်ကျွန်း၌ ၀ဋ္ဋဂါမဏိမင်း နန်းစံ၍ မကြာမီမှာပင် ကျည်းသား လူမျိုးတို့၏ ဗြဟ္မဏတိဿ သူပုန်ဘေးကြီး ဖြစ်ပွား၏ ၀ဋ္ဋဂါမဏိမင်းသည် သူပုန်ရန်ဘေးကြောင့် နန်းမှဆင်း၍ထွက်ပြေး ပုန်းအောင်း နေရသည်။ ထိုကာလမှာပင် မိုးကလည်းခေါင်သဖြင့် သီးနှံများပျက်ခဲ့ရာတစ်ကျွန်းလုံး ငတ်မွတ် ခေါင်းပါးပြီး ဒုဗ္ဘိက္ခန္တရကပ်ကြီး နှင့်ရင်ဆိုင်ကြရလေသည်။ သံဃာတော် တို့သည် အစာပြတ်သဖြင့် ဗုဒ္ဓ၏ပိဋကတ်တော် ဒေသနာတို့ကို ရွတ်ဆိုနိုင် ခြင်းမရှိတော့ပေ ထိုအချိန်ထိ သံဃာတို့သည် ဗုဒ္ဓ၏ ဓမ္မဒေသနာ တို့ကို နှုတ်ဖြင့်သာ ရွတ်ဆိုထိန်းသိမ်းလာခဲ့ကြသည်။ ဤကဲ့သို့ ငတ်မွတ်ခြင်းဘေးနှင့် ကြုံတွေ့ရသောအခါ ရဟန်းတို့ လေနာရောဂါထ၍ ရောဂါဘယများ ဖြစ်ပေါ်လာကြသည်။ သို့သော်လည်း ပိဋကတ်တော် များ မမေ့မပျောက်စေရန် ကြိုးစား၍ရွတ်ဆို ထိန်းသိမ်းနေကြရသည်။ အချို့ ရဟန်းတော်များမှာ အာဟာရပြတ်၍ ပျံလွန်တော်မူကုန်ကြ၏။ မသေမပျောက်ဘဲ ကျန်ရစ်သော သံဃာတော်တို့က နှုတ်ဆင့်ကမ်း၍ ထိန်းသိမ်းနေကြရသည်။ ဤသို့ ပင်ပန်းကြီးစွာ စောင့်ရှောက်နေရသည်မှာ  ၁၂ နှစ်မျှ ကြာမြင့်ခဲ့လေသည်။ ထိုနှစ်များ အတွင်း ၀ဋ္ဋဂါမဏိမင်းသည် သူပုန်များရန်ကို ပြန်လည်နှိမ်နင်း နိုင်သဖြင့် ဒုတိယ အကြိမ် ထီးနန်းကိုစံမြန်းရပြန်သည်။ ထိုအခါ ပိဋကတ်   ပုံကို နှုတ်ငုံဆောင်ခဲ့သော ရဟန္တာတို့သည် နှုတ်ဆင့်ကမ်းသယ်ဆောင်ရသဖြင့် တာဝန်ကြီးလှသည်။ အကယ်၍ ဘေးဒုက္ခ နှင့်ကြုံသဖြင့် ပြန်ဆိုခြင်းမပြုနိုင်လျှင် ဗုဒ္ဓတရားဒေသနာတော်များ ကွယ် ပျောက် သွားနိုင်သည်။ ထို့ကြောင့် ဒေသနာတော် အရပ်ရပ်ကို စာပေဖြင့် မှတ်တမ်းတင်ထားနိုင်မှ စိတ်ချရမည်ဟု စဉ်းစားမိကြသည်။ ထို့ကြောင့် သီဟိုဋ္ဌ် သံဃာရဟန္တာ တို့သည် ပိဋကတ်တော်များကို ပေလွှာပေါ်၌ အက္ခရာစာဖြင့် မှတ်တမ်းပြု ၍ သင်္ဂါယနာတင်ကြရန် ဆုံးဖြတ်ကြသည်။ ယင်းသို့ ဆုံးဖြတ်ပြီးနောက် အရှင်မဟာဓမ္မရက္ခိတ အမှုးပြုသော ရဟန္တာ  ၅၀၀  တို့သည် သာသနာနှစ်  ၄၅၀ ခုနှစ်တွင် မလယဇနပုဒ် အာလောကလှိုဏ်ဂူ၌ စတုတ္ထသင်္ဂါယနာတင်ပွဲကို ကျင်းပကြသည်။ ပိဋကတ်တော်ဒေသနာတို့ကို ပေထက်အက္ခရာ တင်တော်မူကြသည်။

                        ပဉ္စမ သင်္ဂါယနာပွဲတော်
မြန်မာနိုင်ငံကိုစိုးအုပ်သော မင်းတုန်းမင်းသည် မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မန္တလေး ရတနာပုံ မြို့ကို တည်ထောင်သည်။ မင်းတုန်းမင်းသည် မြို့တော်သစ်၌ ကောင်းမှုတော် လောကမာရဇိန် ကျောက်တော်ကြီးဘုရား အတုမရှိကျောင်းတော်ကြီး စသော ကောင်းမှုတော်များစွာတို့ကို တည်ထားသည်။ ရန်ကုန်မြို့ ရှိ ရွှေတိဂုံစေတီ တော်ကြီးကိုလည်း ထီးတော်အသစ်တင်လှူသည်။ မင်းတုန်းမင်းသည် ၁၂၂၂ ခု တန်ဆောင်မုန်း လမှစ၍ ပိဋကတ် သုံးပုံ ပါဋ္ဌိတော် တို့ကို ပေထက်အက္ခရာတင်သည်။  ထိုမျှဖြင့် အားမရသေးဘဲ ပိဋကတ်တော်များ အရှည်တည်တံ့ ရေးအတွက် ရှေးခေတ် သာသနာပြုမင်းများ မဆောင်ရွက်ဖူးသော ပိဋကတ်တော် ကျောက်ထက်အက္ခရာတင် ရန် ဆန္ဒရှိလာပြန်သည်။ ထို့ကြောင့် စကျင်တောင်မှ ကျောက်ပြားများမှာယူ၍ ပိဋကတ်တော် ကျောက်ထက်အက္ခရာတင် လုပ်ငန်းကိုဆောင်ရွက်သည်။ ပိဋကတ်တော် တို့ကို မူမှန်သန့်စင်ရေးအတွက်  အောက်ပါ ဆရာတော်ကြီးများကို လျောက်ထားတာဝန်ပေးသည်။ { ၁ } မိဖုရားခေါင်ကြီးစင်္ကြဒေ၀ီ၏ဆရာဖြစ်သော ဇာဂရာဘိဝံသ တိပိဋကဓရမဟာဓမ္မရာဇာဓိရာဇဂုရု ဘွဲ့တော်ရ ဒက္ခိဏရာမ ဆရာတော်                           {  ၂ } သေနတ်ဝန်ကြီး၏ဆရာဖြစ်သော နရိန္ဒာဘိသီရိ သဒ္ဓမ္မဇောတိပါလဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု ဘွဲ့ရဆရာတော်   {  ၃  } သုမင်္ဂလသာမိ သိရိပ၀ရမဏိဓဇ မဟာဓမ္မရာဇာဓိ ရာဇဂုရု  ဘွဲ့ရဆရာတော်  တို့ဖြစ်သည်။ လူပုဂ္ဂိုလ်တို့ဘက်မှလည်း ခန်းပတ်မြို့စား ယောမြို့စား မိုင်းမိုင်းမြို့စား စသည့် ပုဂ္ဂိုလ်တို့ကိုကြီးကြပ်စေသည်။ မင်းတုန်းမင်း၏ ကျောက်ထက်အက္ခရာတင် လုပ်ငန်းမှာ သက္ကရာဇ်  ၁၂၃၀ ပြည့်နှစ် ကဆုန်လဆန်း ၁၄  ရက် နေ့တွင်ပြီးစီးအောင်မြင်ခဲ့သည်။ ပိဋကတ်တော် တို့ကိုကျောက်စာအဖြစ်မှတ်တမ်းတင်ရာ၌ { ၁ } ၀ိနည်းငါးကျမ်း ပါဋ္ဌိတော် ၁၁၁ ချပ်    { ၂ }အဘိဓမ္မာပါဋ္ဌိတော် ၂၀၈ ချပ် { ၃ }သုတ္တန်ပါဋ္ဌိတော် ၄၁၀ ချပ် စုစုပေါင်း ကျောက်ချပ်ရေ ၇၂၉ ချပ်ရှိပေသည်။မင်းတုန်းမင်းသည် ရှေးရှေးသော မင်းများဖြစ်သည့် အဇာတသတ် ကါလါသောက သီရိဓမ္မာသောက ၀ဋ္ဋဂါမဏိမင်း တို့လက်ထက်ကကဲ့သို့ ပိဋကတ်တော်ကို နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာ တင်ပွဲကိုပြုလုပ်လိုသော ဆန္ဒဖြစ်ပေါ်လာပြန်သည်။ ထိုအကြောင်းကို ရွှေမြို့တော်ရှိ တံဆိပ်ရ - မရ ဆရာတော်များနှင့် ညှိနှိုင်း၍ သင်္ဂါယနာတင်ပွဲ ကျင်းပရန် ဆုံးဖြတ်သည်။ ထို့နောက် ဒက္ခိဏာရာမဆရာတော်…..ဆီးဘန်းနီဆရာတော်…….စီးတော်မြင်းဝန်တိုက်ဆရာတော် တို့ကို အမှုးထား၍ သံဃာတော် ၂၄၀၀ …တို့ကို ရွှေနန်းတော်သို့ ပင့်ဆောင်ပြီးလျှင် {မြန်မာသက္ကရာဇ် ၁၂၃၃..ခု} {သာသနာနှစ် ၂၄၁၅..ခု } {ခရစ်နှစ် ၁၈၇၁…ခု} {တန်ခူးလပြည့်ကျော် ၁၁ ရက် } နေ့တွင် ပဉ္စမသင်္ဂါယနာတင်ပွဲကို ကျင်းပသည်။ ထိုသင်္ဂါယနာတင်ပွဲတွင် ပိဋကတ်တော်များကို နှုတ်ဖြင့် ရွတ်ဆိုကြရာ  ၅..လ နှင့် ၃..ရက်ကြာမှ ပြီးမြောက်ခဲ့လေသည်။

                    ဆဋ္ဌ သင်္ဂါယနာတင် ပွဲတော်
မြန်မာသက္ကရာဇ် ၁၂၄၇…ခုနှစ်တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်ကိုလိုနီတို့၏ လက်အောက်သို့ကြရောက်ခဲ့ရသည်။ မြန်မာတို့သည် အင်္ဂလိပ်တို့၏ လက်အောက်မှ ရုန်းထွက်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့ကြသည်။ လူပုဂ္ဂိုလ်များသာမဟုတ်ဗုဒ္ဓ ဘာသာ ရဟန်းတော်တို့သည်လည်း လွတ်လပ်ရေးအတွက် ပါဝင်ဟောပြောကြသည်။ အသင်းအဖွဲ့များထူထောင်၍  လူမျိုးဘာသာသာသနာအတွက် အားကြိုးမာန်တက် ရွက်ဆောင်ခဲ့ကြသည်။ ထိုအချိန်က မျိုးချစ် အသင်းအဖွဲ့ များစွာပေါ်ပေါက်ခဲ့၏။ သံဃာတော်တို့သည်လည်း အသင်းအဖွဲ့ များထူထောင်၍ သာသနာဝေဖြိုးရေးကို ကြိုးခဲ့ကြသည်။ ထိုအဖွဲ့များအနက် သံဃသာမဂ္ဂီ ခေါ်အဖွဲ့ကြီးသည် အင်အား ကောင်း သော အဖွဲ့ကြီးဖြစ်သည်။ သံဃသာမဂ္ဂီ အဖွဲ့မှ သံဃာတော်တို့သည် ခရစ်နှစ် ..၁၉၂၀..ပြည့် လွန်လောက်ကပင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ရန် ဆော်သြခဲ့ကြ သည်။ သို့သော်လည်း အင်္ဂလိပ်အစိုးရသည် သင်္ဂါယနာတင်ရေးကို စိတ်အတွေးမျှ မ၀င်ခဲ့ကြပေ။ ဤသို့ဖြင့် …၁၉၄၈..ချုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရလာသည်။ ထိုအချိန်၌ မြန်မာဆရာတော်ကြီးများသည် ဆဋ္ဌသင်္ဂါယနာတင်ရန်အတွက် နိုးကြား တက်ကြွလာကြသည်။ လက်ရှိ ပိဋကတ်တော်များမှာ တစ်ဆင့်ကူးယူရာတွင်၎င်း ပုံနှိပ်ရာတွင်၎င်း …ပုဒ်..ပါဌ်…အက္ခရာ..၀ါကျ..ချို့ယွင်းမှုများ တဖြည်းဖြည်း ပေါ်ပေါက် လာနေသည်။ ပုဒ်…ပါဌ်..မမှန်အက္ခရာချို့ယွင်းပါက အဓိပ္ပါယ်ပြန်ဆိုခြင်းလည်း လွဲမှားနိုင်သည်။ အဓိပ္ပါယ် လွဲမှားပါက ပရိယတ္တိဒေသနာများ ပျက်စီးသွားနိုင်ပေသည်။ ထို့ကြောင့် ပရိယတ္တိဒေသနာ သန့်ရှင်းရေးအတွက် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ရန် ဆုံးဖြတ်ကြသည်။ ထိုသင်္ဂါယနာတင်ပွဲကြီးအတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးဘဦး ကသာသနာ့ဒါယကါအဖြစ်ခံယူသည်။ နိုင်ငံတော် အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သူ ၀န်ကြီးချုပ် ဦးနု ကအထွေထွေ အာဏာစက်ဖြင့် ကူညီဆောင်ရွက်ရန် တာဝန်ယူသည်။ သတိုးသီရိသူဓမ္မ သူဌေးကြီး ဆာဦးသွင် ဦးဆောင်သော နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ ကြီးကလည်း တိုင်းသူပြည်သားတို့၏ ကိုယ်စား ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ပူဇော်ရန် တာဝန်ယူကြသည်။ ၀န်ကြီးချုပ်ကတော် ဒေါ်မြရီ အမှုးပြုသော အမျိုးသမီးများကလည်း သံဃယနာဝေယျာဝစ္စလုပ်ငန်းများကို အားတက်သရော ပါဝင်၍ လုပ်အားဒါနများ လှူဒါန်းကြသည်။ ဤသို့အဘက်ဘက်မှ ပြည့်စုံပြီးနောက် မန္တလေးမြို့မှ ညောင်ရမ်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တရေ၀တ အမှုးပြုသော သံဃာတော် ၂၅၀၀ တို့သည် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏ လိုဏ်ဂူတော်ကြီး၌  {သာသနာသက္ကရာဇ် ၂၄၉၈ ခု ..} {ခရစ်နှစ် ၁၉၅၄ ခု ..မေလ ၁၇ ရက်} {မြန်မာသက္ကရာဇ် ၁၃၁၆ ခု ကဆုန်လဆန်း ၁၅ ရက်} နေ့တွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပွဲကို ကျင်းပကြလေသည်။ ဆဋ္ဌ သင်္ဂါယနာတင်ပွဲကြီးသို့  ထိုင်း ..ကမ္ဘောဒီးယား…လော..သီရိလင်္ကာ နိုင်ငံ တို့မှ ထေရ၀ါဒ ရဟန်းတော် ၁၄၄  ပါး မြန်မာနိုင်ငံမှ ရဟန်းတော်  ၂၄၇၃ ပါး  တို့က ၂၄၅ ရက်ကြာမြင့်စွာ ရွတ်ပွားတော် မူကြ၏။ ထိုသင်္ဂါယနာတင်ပွဲသို့ ထေရ၀ါဒ မဟုတ်သော ဂျပန်..တိဘက်..ဗီယက်နမ်.. ကိုရီးယား…ဂျာဘားကျွန်း….မလေးကျွန်း…ဆစ်ကင်းပြည်….စသောနိုင်ငံတို့မှ မဟာယန ဂိုဏ်း ရဟန်းတော်တို့လည်း သံဂီတိကာရက အဖြစ်လည်းကောင်း အာဂန္တုဧည့်သည် တော် အဖြစ်လည်းကောင်း ကြွရောက်ကြသည်။ ထိုသင်္ဂါယနာပွဲကြီးတွင် ဆဋ္ဌသံဂီတိပုစ္ဆက အမေးပုဂ္ဂိုလ်အဖြစ် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် ဘဒ္ဒန္တ သောဘဏ မထေရ် ကလည်းကောင်း ဆဋ္ဌသံဂီတိဝိဿဇ္ဇက အဖြေပုဂ္ဂိုလ်  အဖြစ် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ မထေရ် ကလည်းကောင်း ဆောင်ရွက်တော်မူသည်။ ထို့နောက် ပိဋကတ်တော် ဒေသနာတော် တို့ကို စက္ကူထက်၌ အက္ခရာတင်၍ သန့်စင်ရေးကို ဆောင်ရွက်တော်မူကြသည်။ ဤ ဆဋ္ဌသင်္ဂါယနာတင်ပွဲ ကြီးသည် သာသနာတော် ၂၅၀၀ ပြည့်သည့်နှစ် မြန်မာသက္ကရာဇ် ၁၃၁၈ ခု ကဆုန်လပြည့်နေ့ …..ခရစ်နှစ် ၁၉၅၆ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ပြီးဆုံးအောင်မြင် ခဲ့လေသည်။…………
[ ၁]  ၀ိနယပိဋက [ ၂ ] သုတ္တန္တပိဋက [ ၃ ] အဘိဓမ္မာပိဋက …..ဟူ၍ သုံးမျိုးရှိ၏။ ထိုသုံးမျိုးလုံးကို ပေါင်းရုံးခေါ်ဆိုသောအခါ  ပိဋက  ဟူ၍ ခေါ်ဆိုကြလေသည်။ 

                         { ၁ } ၀ိနယ ပိဋကတော်
ရဟန်းယောင်္ကျားများနှင့် ရဟန်းမိန်းမများအတွက် သတ်မှတ်ပညတ်ထားသော ကျင့်ဝတ်စည်းကမ်း များဖြစ်သည်။ ထို ၀ိနယပိဋက ကို  ကျမ်း ထမ်မံ ခွဲခြားထား၏။
{က} ပါရာဇိကဏ် ပါဠိတော်….ရဟန်းတော်များအတွက် ရည်ညွှန်းသော သိက္ခာပုဒ် ၄၉ ပါးပါရှိသည်။
{ခ} ပါစိတ် ပါဠိတော် …..ရဟန်းတော်များ အတွက်ရည်ညွှန်းသော သိက္ခပုဒ် ၁၇၈ ပါးနှင့် ဘိက္ခုနီ တို့အတွက် ရည်ညွှန်းသော သိက္ခာပုဒ် ၃၁၁ ပါးပါရှိသည်။
{ ဂ}မဟာဝဂ္ဂ….. သံဃာတော်များလိုက်နာ ရမည့် ကျင့်ဝတ်များ လုပ်နည်း လုပ်ဟန်များ ကို အခန်း ၁၀ ခုဖြင့် ဖော်ပြထားသည်။
{ဃ} စူဠ၀ဂ္ဂ ….သံဃာတော် အဖွဲ့နှင့် ပတ်သက်သော စည်းမျည်း ဥပဒေ တို့ကို အခန်းပေါင်း  ၁၂  ခု တို့ဖြင့်ဖော်ပြထားပါသည်။
{ င} ပရိဝါရ…..၀ိနည်း သိက္ခာပုဒ် တို့ကို ကျက်မှတ်လိုသူတို့အတွက် အကျဉ်းချုပ် ပြုစုထားသော ကျမ်းဖြစ်၏။
                      
                   { ၂ }  သုတ္တန္တ ပိဋကတော်
ဗုဒ္ဓဘုရားရှင် ရှေးဦးစွာ ဟောကြားသော ဓမ္မစကြာတရားတော် မှစ၍ ပရိနိဗ္ဗာန် ပြုခါနီး နောက်ဆုံးဟောကြားသော သြ၀ါဒ ဒေသနာတော်အထိ ၄၅ နှစ်ပတ်လုံး ဟောကြား တော်မူခဲ့သည့်  ဒေသနာတော် အမျိုးအစားများဖြစ်သည်။ ဤ သုတ္တန္တ ပိဋက ကို နိကာယ်အားဖြင့်  ၅ စုဖွဲ့ထားသည်။ ယင်းတို့မှာ…..{က} ဒီဃနိကာယ် ….  {ခ}မဇ္ဈိမနိကာယ်……. {ဂ} သံယုတ္တနိကာယ်……… {ဃ} အင်္ဂုတ္တရနိကာယ်….                          {င}ခုဒ္ဒကနိကာယ်…..တို့ဖြစ်သည်။ [က] ဒီဃနိကာယ် ….ရှည်လျားသောသုတ်တို့ကို ပေါင်းစည်းထားသောကြောင့် ဒီဃ နိကာယ် ဟုခေါ်သည်။ ယင်း ဒီဃနိကာယ်၌ (၁) သီလက္ခန္ဓ၀ဂ္ဂ ၁၃ သုတ် (၂) မဟာဝဂ္ဂ ၁၀ သုတ် (၃) ပါထိက၀ဂ္ဂ ၁၃ သုတ်  တို့ပါဝင်ပါသည်။ [ခ] မဇ္ဈိမနိကာယ်…မရှည်လွန်း မတိုလွန်း အလယ်အလတ် ဖြစ်သော သုတ်တို့ကိုပေါင်းစည်းထားသောကြောင့် မဇ္ဈိမနိကာယ် ဟုခေါ်သည်။ ယင်း မဇ္ဈိမနိကာယ်၌ ….(၁) မူလပဏ္ဏာသ ၅၀ သုတ် (၂) မဇ္ဈိမပဏ္ဏာသ  ၅၀ သုတ် (၃) ဥပရိပဏ္ဏာသ ၅၂ သုတ် …ပါဝင်ပါသည်။
{ဂ} သံယုတ္တ နိကာယ် …..ဒေသနာခြင်း တူညီသော အချက်တစ်ခုခုကို မူထား၍ စုစည်း ပေါင်းစပ်ထားသော သုတ်များကို သံယုတ္တနိကာယ် ဟုခေါ်သည်။ ယင်း သံယုတ္တနိကာယ်၌………..(၁) သဂါထါဝဂ် သံယုတ်ပေါင်း ၁၁ ..(၂) နိဒါန၀ဂ် သံယုတ်ပေါင်း ၁၀ ..(၃) ခန္ဓ၀ဂ် သံယုတ်ပေါင်း ၁၃ …(၄) သဠာယတန၀ဂ် သံယုတ်ပေါင်း  ၁၂ …(၅) မဟာဝဂ် သံယုတ်ပေါင်း ၁၂ …တို့ပါဝင်ပါသည်။
{ ဃ} အင်္ဂုတ္တရနိကာယ်…… ဧကနိပါတ် မှ ဧကဒသ နိပါတ်တိုင်အောင် အပိုင်းငယ် နိပါတ် ၁၁ ခု သုတ်ပေါင်း  ၉၅၅၇ သုတ်..
{င} ခုဒ္ဒကနိကာယ်….ရှေးနိကာယ် ရပ်တို့မှ နောက်ထပ်ဖြစ်သော ခုဒ္ဒကပါဌ စသည့် ကျမ်းစုကို ခုဒ္ဒကနိကာယ် ဟုခေါ်သည်။ ယင်း ခုဒ္ဒကနိကာယ်၌ အောက်ပါများပါဝင်သည်။
(၁) ခုဒ္ဒပါဌ …တိုတောင်းသည့် အစု မျိုးပါဝင်သည် ။
(၂) ဓမ္မပဒ….၀ဂ်ပေါင်း ၂၆… ဂါထါပေါင်း…..၄၂၃……ပါဝင်သည်။
(၃) ဥဒါန….ဗုဒ္ဓဘုရားရှင် ကျူးရင့်သော စကါးများဖြစ်သည်…၀ဂ်ပေါင်း..၈..ခုနှင့် ဥဒါန်းပေါင်း ..၂၈..ပုဒ်..ပါဝင်သည်။
(၄)  ဣတိဝုတ္တက… နိပါတ်..၄..ခု သုတ်ပေါင်း …၁၂၀..ပါဝင်သည်။
(၅)  သုတ္တနိပါတ…သုတ်ငယ်များစုပေါင်းထား၏ ၀ဂ် ..၅ ..ခု သုတ်..၅၄..နှင့် ပုစ္ဆာ..၆၁ ခုပါဝင်သည်။
(၆) ၀ိမာန ၀တ္ထု ..ဘုံနန်းဗိမာန် ဆိုင်ရာ အဖြစ်အပျက် တို့ကိုဖော်ပြ၏  ၀ဂ်..၇..ခု ဇါတ် ၈၃ ..ပုဒ် ..ပါဝင်သည်။
(၇) ပေတ၀တ္ထု…ငရဲလောက၏ ဆင်းရဲတို့ကိုဖော်ပြထား၏ ၀ဂ်..၄..ခု ၀တ္ထုပုဒ်ပေါင်း ၅၀ ..ပါဝင်သည်။
(၈) ထေရဂါထါ…မထေရ်ကြီး ၁၀၇..ပါးတို့၏ အဆိုအမိန့်များကို  နိပါဒ်..၂၁..ခုဖြင့် ခွဲခြားဖော်ပြထါးသည်။
(၉) ထေရီဂါထါ..ထေရီမယ် ..၇၃ ပါးတို့၏ တင်ပြချက်များကို နိပါတ် ..၁၆ ..ခုဖြင့် ဖွဲ့စည်းထားသည်။
(၁၀) ဇာတက..ဗုဒ္ဓဘုရားရှင် ၏ရှေးဖြစ်စဉ်တို့ကို ဖော်ပြထား၏ အပိုင်းငယ် နိပါတ်..၂၂.. ခု ဇါတ်ဝတ္ထု….၅၄၇..ဇါတ်ပါဝင်သည်။
(၁၁) မဟာနိဒ္ဒေသ ….သုတ္တနိပါတ် ကျမ်းလာ အဋ္ဌက၀ဂ်၏  ဝေါဟာရ အဓိပ္ပါယ်တို့ကို ထပ်မံဖွင့်ဆိုထား၏။
(၁၂) စူဠနိဒ္ဒေသ….သုတ္တနိပါတ် ကျမ်းလာ နောက်ဝဂ် ....ခုကို ထပ်မံချဲ့ဖွင့်ထားသည်။
(၁၃) ပဋိသမ္ဘိဒါမဂ္ဂ….ဓမ္မ၏ အခြေခံအချက်တို့ကို သရုပ်ခွဲ၍ ဝေဖန်ပြသည်၊ ကဏ္ဍကြီး…..ခုနှင့် အခန်းငယ်များစွာပါဝင်သည်။
(၁၄) အပဒါန…မွန်မြတ်သော ကျင့်ထုံးတို့ကို ကျင့်သုံးခဲ့သော ပုဂ္ဂိုလ်တို့ အကြောင်းကို ဖော်ပြထား၏။ ကဏ္ဍ..၅၅ ..ခုဖြင့် မထေရ်..၅၅၀.. တို့၏ဘ၀ကို ဖော်ပြသည်။ ထို့အပြင် ကဏ္ဍ..၄..ခုတို့ဖြင့် ထေရီ ..၄၀..တို့၏ ဘ၀များကို၎င်း …နောက်ဆက်တွဲအဖြစ် ဗုဒ္ဓပဒါန နှင့် ပစ္စေကဗုဒ္ဓပဒါန တို့ကို  ဆက်လက်ဖော်ပြထားသည်။
(၁၅)  ဗုဒ္ဓ၀ံသ…ဘုရားတို့၏ ဘ၀ဖြစ်စဉ်ကို အစီအစဉ်ဖြင့် ဖော်ပြထား၏ ထို့ပြင် ဗုဒ္ဓပကိဏ္ဏကကဏ္ဍ နှင့် ဓါတုဘာဇနိယကထာ  တို့ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
(၁၆) စရိယာပိဋက….ဘုရားအလောင်းတော် ပါရမီဖြည့်ဆည်းခဲ့သည့် ဘ၀တို့ကို ဖော်ပြသည်။ ဗုဒ္ဓ၏ ရှေးဘ၀ပေါင်း…၃၅.. ခုသာပါဝင်သည်။
                {၃} အဘိဓမ္မ ပိဋကတော
သုတ္တန်..၀ိနည်း တို့ထက် ကဲလွန်သော သဘာဝတရားများ ..နက်နဲသော သဘာဝဓမ္မ များကို စုစည်းဖော်ပြ ထားသောကြောင့် အဘိဓမ္မပိဋက ဟုခေါ်သည်။ ဤ အဘိဓမ္မပိဋက ကိုကျမ်းအားဖြင့် ....ကျမ်းခွဲခြားထားသည်။
(က) ဓမ္မသင်္ဂဏီ…. အပိုင်းကြီး ပိုင်း ခွဲလျက် သက်ရှိသက်မဲ့ အားလုံးတို့၏ ရုပ်နာမ် သဘာဝကို  ရေတွက်ပြသည်။
(ခ) ၀ိဘင်္ဂ…ဓမ္မသဘာဝကို အဓိပ္ပါယ် ခွဲခြားပြထားသော ၀ိဘင်္ဂ ခေါ် အဖွင့်ပေါင်း ..၁၈..ခုပါဝင်သည်။
(ဂ) ဓါတုကထာ…..ပရမတ္ထတရား တို့ကိုကဏ္ဍ ..၁၄..ခုခွဲခြားကာနည်း ...ပါးတို့ဖြင့် အကျယ်ရှင်းလင်း ဖော်ပြထားပါသည်။
(ဃ) ပုဂ္ဂလပညတ္တိ…ကဏ္ဍကြီး..၁၀..ခု တို့၌ ..၁..မှ..၁၀..အထိ ပုဂ္ဂိုလ် အမျိုးအစား တို့ကို နိဒ္ဒေသ အလိုက် ထည့်သွင်းထားသည်။
(င) ကထာဝတ္ထု…ဗုဒ္ဓ ၀ါဒဂိုဏ်းကွဲများ၏ အယူဝါဒ များကိုစုပေါင်းတင်ပြထားပါသည်။ ၀ဂ်ပေါင်း..၂၃ ..ခုဖြင့် ထေရ၀ါဒမှ သုတ်ပေါင်း..၅၀၀ .နှင့် ပရ၀ါဒမှ သုတ်ပေါင်း..၅၀၀ တို့ကို နှိုင်းယှဉ်ပြထားပါသည်။
(စ) ယမက… အဘိဓမ္မ သဘောတရားများ ဖြစ်တည်နေပုံကို  မူလ ..ခန္ဓ ..အာယတန.. ဓာတု.. သစ္စ.. သင်္ခါရ.. အနုသယ.. စိတ္တ.. ဓမ္မ..ဣန္ဒြိယ..ဟူသော ယမက ..၁၀..ပါးတို့ဖြင့် ဖော်ပြထားသည်။
(ဆ) ပဋ္ဌာန….ဓမ္မအနုလောမ စသည်တို့၌ တိလောကပဋ္ဌာန စသော ပဋ္ဌာန်း....ပါး တို့ဖြင့် ပွားအပ်သည် ဖြစ်၍..၂၄..ပါးပဋ္ဌာန်းတို့ကိုရရှိသည်။ ပဋ္ဌာန်းတစ်ပါးစီ၌ ပဋိစ္စ၀ါရ စသော ၀ါရ..၇..ပါး တို့ဖြင့်တန်ဆာဆင်ထားသည်။
အထက်ဖော်ပြခဲ့ပြီးသော ပိဋကတ်တော် များမှ တစ်ပါးအခြားသောပါဠိ ကျမ်းဂန် များလည်း ရှိသေးသည်။ ထိုကျမ်းများသည်  ပိဋကတ်..၃..ပုံ၏ နောက်ဆက်တွဲ ကျမ်းစာများဖြစ်သည်။ အဋ္ဌကထာတို့၏ ရှေ့ပြေးဖြစ်သော ပါဠိကျမ်းစာများဖြစ်သည်။  ယင်းကျမ်းတို့ကို အောက်ပါအတိုင်း တွေ့ရသည် ။
(၁) နေတ္တိပကရဏ…ဓမ္မရေးရာနှင့် ပတ်သက်သော ဝေါဟာရနှင့် အဓိပ္ပါယ် တို့ကို ရှင်းလင်းဖော်ပြထားသည်။
(၂)  ပေဋကောပဒေသ…ပိဋကတ်..၃..ပုံမှ ကောင်းနိုးရာရာ အချက်တို့ကို ပေါင်းစု ဖော်ပြထားသည်။
(၃) မိလိန္ဒပဥှာ… ပိဋကတ်တော်တွင် အကျယ်တ၀င့် ပါရှိသော သတိ..သမာဓိ..ပညာ.. စသည့် အကျင့်တရားများ ..ဖဿ ဝေဒနာ..စသောအဖြစ်တရားများကို စေ့စပ်စွာ ဆွေးနွေး တင်ပြထားသည်။

                   ဗုဒ္ဓ ကျမ်းစာ စီစစ်ရာ
ထေရ၀ါဒ ဗုဒ္ဓ၀ါဒီ ပုဂ္ဂိုလ် တို့သည် ဗုဒ္ဓဟောကြားသော ပိဋကတ် ၃ ပုံ တရားအစုံတို့ကို စတုတ္ထ သင်္ဂါယနာပွဲ၌ ပေရွက်ဖြင့် အက္ခရာတင်ခဲ့ကြသည်။ ပဉ္စမ သင်္ဂါယနာတင်ပွဲ၌ ကျောက်စာဖြင့် အက္ခရာတင်ခဲ့ကြသည်။ ဆဋ္ဌ သင်္ဂါယနာတင်ပွဲ၌မူ စက္ကူဖြင့် အက္ခရာ တင်၍ မှတ်တမ်းပြုခဲ့ကြသည်။ ဆဋ္ဌသင်္ဂါယနာမှ မှတ်တမ်းပြုရာ၌ ဆဋ္ဌမူ ခေါ် စာအုပ်များဖြင့် ဤသို့ ခွဲခြားရိုက်နှိပ်ထားကြသည်။
ကျမ်းအမည်          ကျမ်းရေ              စာအုပ်ရေ                                                                   
ဝိနည်း                     ၅                     ၅                                   
  
ဒီဃနိကာယ်           ၃                     ၃                                                                           မဇ္ဈိမ နိကာယ်        ၃                    ၃                                                                                 သံယုတ္တ နိကာယ်   ၅                      ၅                                                                     အဂုင်္တ္တရနိကာယ်  ၁၁                  ၃                                                                                 ခုဒ္ဒက နိကာယ်      ၁၉                 ၁၁                                                      အဘိဓမ္မာ               ၇                   ၁၂                                                 
စုစုပေါင်း             ၅၃                        ၄၀                                                                       စတုတ္ထ ပဉ္စမ ဆဋ္ဌ သင်္ဂါယနာတင်ပွဲ တို့၌ ပေစာ ကျောက်စာ      စက္ကူစာ တို့ဖြင့် မှတ်တမ်းတင်ခဲ့ကြရာတွင် အရေအတွက်ကို      ဤသို့ တွေ့ရသည်။
ပေရွက်ရေ…………..    ၆၃၄၅ ….ရွက်                        
ကျောက်ချပ်ရေ……၇၂၉….ချပ်                                                                                                            စာအုပ်ရေ ……………     ၄၀ …….အုပ်                                                            စာရွက်ရေ ……………   ၆၅၄၇ …….ရွက်                                                        စာမျက်နှာ ……………   ၁၃၀၉၄ …….မျက်နှာ                                                             စာကြောင်းရေ ……….  ၄၀၄၀၇၀ …..ကြောင်းရှိပေသည်။                                                                     
 ပိဋကတ် ၃ ပုံလုံး၌ ပါဝင်သော အက္ခရာလုံးရေမှာ…၁၁၀၂၁၇၅၀…တစ်ကုဋေ တစ်သန်း နှစ်သောင်း တစ်ထောင် ခုနှစ်ရာ့ ငါးဆယ်…..ရှိလေသည်….။      
      
                                      
     

        ရေစကြို အရှင်ဧသိက ၏ ထေရ၀ါဒ စာအုပ်မှ ပြန်လည် ထုပ်နှုပ်တင်ပြသည်…။      lamineiant@gmail.com...............http://shwenantawwinblogspot.com  ကျော်ကျော်                                               

No comments:

Post a Comment