Friday 20 January 2012

……ထေရ၀ါဒနှင့် ရောသမမွှေ များ…၂….


   ……ထေရ၀ါဒနှင့် ရောသမမွှေ များ…၂….

 
သိဒ္ဓိတင်ခြင်း…… 
 
ယနေ့မြန်မာနိုင်ငံ၌ သိဒ္ဓိတင်သောအလုပ်ကိုလည်း လူတော်တော်များများ လက်ခံယုံကြည်နေကြ၏။ သိဒ္ဓိတင်ခြင်း ဆိုသည်မှာ ပါဠိဘာသာ သိဒ္ဓိဝေါဟာရပုဒ်နှင့် မြန်မာဘာသာ တင်ဟူသော ဝေါဟာရ နှစ်ခုကိုပေါင်းစပ်၍ သိဒ္ဓိတင် ဟုခေါ်ဆိုနေကြခြင်းဖြစ်သည်..။ဤတွင် သိဒ္ဓိ ဟူသောပုဒ်ကို အနက်အဓိပ္ပါယ် ရှာဖွေကြည့်ပါက အဘိဓါန်ပါဠိ၌ သိဒ္ဓိပုဒ်၏အဖွင့် မရှိ။  ပရိရယာယ်လည်းမရှိ။ သို့သော် သာဓနသဒ္ဒါ ဟောနိုင်သော အနက်တို့ကိုဖော်ပြရာ၌ သိဒ္ဓိပုဒ်ကို ပြီးစီးခြင်းဟူ၍ အနက်ပေးထားကြပါသည်။  မြန်မာအဘိဓါန်ကျမ်း၌ သိဒ္ဓိ= ပြီးခြင်း….သိဒ္ဓိတင်… လက်ဖွဲ့တို့ကို အစွမ်းထက်အောင်ဆောင်ရွက်သည်။ ချီးမွမ်းသည်၊ အမွှမ်းတင်သည်…ဟု  ဖွင့်ပြထားသည်။ ထို့ကြောင့် သိဒ္ဓိတင်ခြင်း ဆိုသည်မှာ စီမံဖန်တီးထားသော ပစ္စည်းကို အစွမ်းထက်အောင်ဆောင်ရွက်သော အလုပ်ကိုဆိုလိုသည်။ သိဒ္ဓိတင်သည် ဆိုရာမှာလည်း ဟိန္ဒူ ၊ ဗြဟ္မဏတို့ကဲ့သို့ ဂါထာ မန္တန်ဖြင့်မန်းရွတ်ဆိုခြင်းကိုပင် ဆိုလိုပါသည်။  မြန်မာတို့က မန္တန်မန်းသည် ဟု ခေါ်၏။ လက်ဖွဲ့မန်း ဆီမန်း ရေမန်း စသည်ဖြင့် အမျိုးမျိုးသော မန်းမှုတ်မှုတို့ကို တီထွင်ပြုလုပ်ကြသည်။ ဤသို့မန်းလိုက်သဖြင့် ရေသည် အစွမ်းထက်သွား၏ ။ ဆီသည်တန်ခိုးရှိသွား၏ ။လက်ဖွဲ့တို့သည်လည်း အစွမ်းထက်သွားကာ လိုရာသိဒ္ဓိများ ပြီးမြောက်မည်ဟု ယုံကြည်ကြသည်။  ဤကဲ့သို့ ယုံကြည်ချက်ဖြင့် ဂါထာ မန္တန်တို့ကို ကိုယ်တိုင်ရွတ်ဖတ် သရဇ္ဈယ်၍ သိဒ္ဓိတင် မန်းမှုတ်ကြသည်။ မိမိတို့ မလုပ်တတ်ပါက အခြားမန်းမှုတ်တတ်သူကို မန်းမှုတ်စေ၍ အစွမ်းထက်အောင် ပြုလုပ်ကြသည်။ သိဒ္ဓိတင် သည်ဆိုသော ဂါထာမန္တန် တို့မှာလည်း သက္ကတ ပါဠိ မြန်မာ ဘာသာတို့ဖြင့်သီကုံးထားခြင်း ဖြစ်သည်။ ဂါထာမန္တန်တို့မှာ မိမိတို့လိုအင်ဆန္ဒကိုတောင်း ဆိုထားသော စာများသာဖြစ်သည်။ 
  “ မဟိဒ္ဓိကာ ၊ ဘေးရန်ကွါ၍၊ကမ္ဘာမပျက်၊အာယုဆက်၍ အသက်ကပ်လုံး တည်စေသော်။
       ခဲဖွယ်ဘောဇဉ်၊ချိုချဉ်ကစ၊ မွတ်သိပ်လှသော်၊ တောင့်တချက်ချင်းရောက်စေသော်..။                       အရေးရှိလျှင်၊အရိပ်ဆာယာ၊ နတ်တကာနှင့်၊၀ိဇ္ဇာအပေါင်း မစေသော်။                                     ဗိုလ်ထုများစွာ၊ရန်ပြုလာလျှင်၊၀ိဇ္ဇာဗလ၊နတ်ကစ၍၊သိဒ္ဓိဆိုင်ရာ၊နတ်များစွာက၊ညီညာဖြဖြ၊၀ိုင်းအုံကြ၍၊မစပြုပြင်၊ငါ့ရုပ်သွင်၊မထင်ချက်ချင်း ပျောက်စေသော်..။                        ဤသို့သော မန္တန်စာဖြင့် ရွတ်ဆို၍ သိဒ္ဓိတင်ကြခြင်းသာဖြစ်ပေသည်။                                           ယနေ့ခေတ်တွင် သိဒ္ဓိတင်ခြင်းကို လူကြိုက်များလာသည့်အလျောက် သိဒ္ဓိတင်ပေးသော ပုဂ္ဂိုလ်ကြီးများလည်း ပေါ်ပေါက်နေ၏။ ထိုပုဂ္ဂိုလ်များမှာ အများအားဖြင့် ဂိုဏ်းဆန်ဆန် အလုပ်ကို ပြုလုပ်နေသူများဖြစ်ကြ၏။                                             ဂိုဏ်းပုဂ္ဂိုလ်ကြီးတို့သည် ပုတီး လက်ဖွဲ့ ဓါတ်လုံး စသည်တို့ကို ဥုံ-သြောင်း ဂါထာ၊အဖြာဖြာတို့ဖြင့် ရွတ်ဆို၍ သိဒ္ဓိတင်ပေးကြသည်။ လူတွေကလည်း နာမည်ကြီးဂိုဏ်းပုဂ္ဂိုလ်ကြီးက ရွတ်ဆိုပေးသမျှကို ကွန်ပြူတာဂဏန်းစက်ကဲ့သို့ အချက်ကြမှန်ကန်မည်ဟု ဧကန်ယုံကြည်မှုဖြင့် လက်ဝါးလှန်၍ တောင်းခံနေ ကြကုန်၏။ ယနေ့ခေတ်တွင် ငွေစက္ကူကိုပင် သိဒ္ဓိတင်ပေးသူများရှိနေသည်။ ထိုပုဂ္ဂိုလ်ကြီးက ၁၀၀ တန်ငွေစက္ကူ ကို သိဒ္ဓိတင်၍ လက်ဆောင်ပေးသည်။ ထိုငွေစက္ကူရသူမှာ အားရ၀မ်းသာဖြင့် လက်ကိုင်အိတ်ထဲသွင်းကာ သပ်ရပ်စွာ သိမ်းဆည်းထားလိုက်သည်။ပြီးနောက် လက်ကိုင်အိတ်တွင်းမှ ၁၀၀၀ တန်ငွေ စက္ကူကို ထုတ်၍ ပူဇော်ကန်တော့လိုက်သည်။ လက်တွေ့မှာမူ သိဒ္ဓိတင်ပေးသော ပုဂ္ဂိုလ်ကြီးအတွက် ၉၀၀ ကျပ်အမြတ်ရသွားပြီ ။ တစ်ရာ ရင်း၍ ကိုးရာ မြတ်သော အလုပ်မှာ ဘယ်ဖက်စပ်ကုမ္ပဏီ လုပ်ငန်းမှ မရှိချေ။     လူတို့သည် ဘ၀နှင့် ဘ၀ခံစားမှုအတွက် အာသာရမ္မက်ပြင်းစွာ လုပ်ကိုင်နေကြသည်။ အာသာရမ္မက်အတွက် ကိုးကွယ်ရာကို ရှာဖွေ ဆည်းကပ်နေကြသည်။ ယုံကြည်စရာကို ရှာဖွေလက်ခံနေကြသည်။ ယုတ္တိရှိ-မရှိကို အသိဥာဏ်ဖြင့် အမြင်မှန် မရနိုင်ခဲ့ကြပေ။ ဤကဲ့သို့ ယုတ္တိမဲ့  ကိုးကွယ်မှုနှင့် ယုံကြည်မှုများကို ထေရ၀ါဒက ငြင်းပယ်ထား၏။ ထေရ၀ြါဒအမြင် နှင့် ဆန့်ကျင်သည့် ဤယုတ္တိမဲ့ အတွေးအမြင်တို့ကို ထေရ၀ါဒ ဗုဒ္ဓဒေသနာတော်လာ စကားရပ်တို့ဖြင့် ယှဉ်ကပ်၍ သုံးသပ်ကြပါဦးစို့………။   

        ထေရ၀ါဒနှင့် ပြင်ပ ယုံကြည်ကိုးကွယ်မှု
      အလောင်းတော် သိဒ္ဓထ္တမင်းသားသည် မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ကျင့်သုံးလျက် တရားမှန်ကို ရှာဖွေခဲ့ရာ မဟာသက္ကရာဇ် ၁၀၃-ခု ၊ ကဆုန်လပြည့် ၊ ဗုဒ္ဓဟူးနေ့တွင် သစ္စာလေးပါးကို သိမြင်၍ ဘုရားအဖြစ်ရောက်ရှိခဲ့သည်။                
     ဗုဒ္ဓအဖြစ်သို့ ရောက်ပြီးနောက် လူသားတို့၏ဘ၀ကို သုံးသပ်ကြည့်ရှုခဲ့သည်။ ထိုအခါ လူသားထုကြီး၏ မှားယွင်းသော လူနေမှုဘ၀ဓလေ့ကြီးကို တွေ့မြင်လာရ၏။ မိမိပတ်ဝန်းကျင်ရှိ လူတို့၏ ကိုးကွယ်နေမှုများ ၊ ယုံကြည်နေမှုများမှာ မိမိ မြင်သိသော တရားဓမ္မနှင့် ခြားနားလှပေ၏။                                                                           ဗုဒ္ဓဘုရားပွင့်ထွန်းလာချိန်တွင် အိန္ဒယနိုင်ငံ မဇ္ဈိမဒေသ၌ စိတ်အတွေးကို အခြေခံသော ၀ါဒမှားများ ထွန်းကားနေလေပြီ။ ဘီစီ ၃၀၀၀-ခန့်က ထူထောင်လာခဲ့သော ဒရာဗီဒီယန်တို့၏ ကိုးကွယ်ယုံကြည်မှုဓလေ့များ ၊ ဘီစီ ၂၀၀၀-ခန့်မှစ၍ ထူထောင်လာခဲ့သော အာရိယန်တို့၏ ကိုးကွယ်ယုံကြည်မှု ဓလေ့များမှာ အိန္ဒိယ တစ်ခွင်၌ တွင်ကျယ်နေပြီ ၊ ယင်း အင်အားစုကြီးက ကြီးစိုးနေခဲ့ပြီ။    ဗုဒ္ဓဘုရားရှင်သည် လူတို့၏ ယုံကြည်မှု ဓလေ့များကို သုံသပ်လျက် “လောကကြီးဟာ ပျက်စီးနေပါကလား “ ဟုညည်းတွားမိ၏ ။ မိမိ မြင်သိသော တရားဓမ္မတို့ကို ဟောပြလိုစိတ် တုံ့နှေးသွားရသည် ။ ဘုရားရှင်၏ တုံ့နှေးတွန့်ဆုတ်နေမှုကို   သဟံပတိဗြဟ္မာက မေတ္တာရပ်ခံ၍ တောင်းပန်ခဲ့ရသည်။ ထိုအခါမှ ဘုရားရှင်သည်  မိမိမြင်သိသော သစ္စတရား ကိုဟောကြားတော်မူ၏ ။ မိမိပတ်ဝန်းကျင်၌ရှိသော ကိုးကွယ်မှုအမှားများ ၊ ယုံကြည်မှုအလွဲများကိုထောက်ပြသည် ။ မှန်ကန်သော လမ်းကြောင်းပေါ် ရောက်အောင် ပို့ဆောင်ပေးလေသည် ။
                      
                             ပြင်ပ ကိုးကွယ်မှု တော်လှန်ရေး  

ဗုဒ္ဓဘုရား ပွင့်ပေါ်လာချိန်တွင် အိန္ဒိယဒေသ၌ ရှေ့တန်းရောက်နေသော ၀ါဒမှာ အတ္တ၀ါဒဖြစ်သည် ။ ဟိန္ဒူ ဗြဟ္မဏ၀ါဒအရ အတ္တတရားမှာ ဗြဟ္မာကြီးက ဖန်ဆင်းထားသော အရာဟု လက်ခံနေကြ၏ ။ ဗြဟ္မာကြီးသည် အထက်ကောင်းကင် တစ်နေရာ၌ ရှိသည် ။ မအို မသေ အမြဲနေသော ပုဂ္ဂိုလ်လည်းဖြစ်သည် ။ ကမ္ဘာကြီးနှင့် သက်ရှိ သတ္တ၀ါမှန်သမျှကို ဖန်ဆင်းပေးထားသည် ။ ဗြဟ္မာကြီးသည် လူ၏ခန္ဓာကိုယ်ထဲ၌ ဆိုးလ် ၊ ၀ိညာဉ်ဟုခေါ်သော အတ္တကလေးကို ဖန်ဆင်းပေးထားသည် ။ ထိုအတ္တကလေးသည် ခန္ဓာကိုယ်ထဲမှာ အမြဲရှိနေပြီး ရုပ်ခန္ဓာပျက်စီး သွားသောအခါ အတ္တကလေးသည်လည်း ရုပ်ခန္ဓာမှ ခွဲခွာသွားပြီး အခြားသော …ဤအတ္တကလေးသည် မူလဖန်ဆင်းရှင်ဖြစ်သော ဗြဟ္မာကြီးနှင့် ပြန်လည်ပေါင်းစည်းနိုင်ရန်အတွက် ပူဇော်ပသမှု ၊ ၀တ်ပြုကိုးကွယ်မှု ပြုလုပ်ရသည် ။ဤ အယူအဆဖြင့် ဗြဟ္မာကိုးကွယ်မှု ၀ါဒထွန်းကားနေသည်။ ဘုရားရှင်သည် လူသား၏ ခန္ဓာ၌ အတ္တတရားဆိုတာ မရှိကြောင်း အတ္တတရားဆိုသည်မှာ ဘယ်မှာမှ မရှိနိုင်ကြောင်း ရှေးဦးဒေသနာဖြင့် အတ္တ၀ါဒကို ခြေဖျက်ဟောကြားတော်မူသည် ။ အတ္တ၀ါဒကို တော်လှန်သော အနတ္တဒေသနာသည် ဗုဒ္ဓဘုရားရှင်၏ ပွဲဦးထွက်တရားတော်များ ဖြစ်ပေသည်။ ဗုဒ္ဓပွင့်တော်မူစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ ကိုးကွယ်မှု ရုပ်ပုံလွှာတို့ကို လှစ်ဖွင့်ကြည့်လျှင် အခြားကိုးကွယ်မှုများစွာကိုတွေ့မြင်ကြရသည်။ ဤကိုးကွယ်မှုများမှာလည်း ရှေးဟောင်းလူတို့ စိတ်ကူးဖြင့် ကြံစည်ထားသော သဘာဝကိုးကွယ်မှု ဘာသာ { Nature Worship } ကိုပင် အခြေခံနေပါသည်။ ဘီစီ ၃၀၀၀-ခန့်က ဒရာဗီဒီယန်လူမျိုးတို့က စတင်ခဲ့သော သစ်ပင် ၊ တောတောင် စသော ကိုးကွယ်မှုများလည်း ဘုရားပွင့်သည်အထိ ရှိနေသည်။ ဗုဒ္ဓဘုရားသည် အင်္ဂတိုင်းနှင့် မဂဓတိုင်းအကြားသို့ ရောက်ရှိသွားသည်။ ထိုအချိန်တွင် အဂ္ဂိဒတ္တ ခေါ်သော ရသေ့တစ်ဦးက သူတစ်ပည့်တို့အား သစ်ပင် ၊ တော ၊တောင် စသည်တို့ကို ကိုးကွယ်ကြရန် ဆုံးမနေ၏ ။ ဗုဒ္ဓဘုရားရှင်သည် အဂ္ဂိဒတ္တ၏ ကိုးကွယ်မှုအဆုံးအမကို ဤသို့ချေဖျက် ဟောကြားတော်မူ၏ ။ ဘေးကိုထိတ်လန့်သောသူတို့သည် တော တောင် သစ်ပင်တို့ကိုကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ကြကုန်၏ ။ ထိုတော တောင် သစ်ပင် တို့ကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ရာမဟုတ်ပေ ။ ဤကိုးကွယ်မှုတို့သည် မြတ်သော ကိုးကွယ်မှုလည်း မဟုတ် ၊ ဘုရား ၊ တရား ၊ သံဃာ ရတနာသုံးပါးသာလျှင် ကိုးကွယ်ဆည်းကပ်အပ်၏ ။ ရတနာသုံးပါးကို ဆည်းကပ်ခြင်းသာလျှင် ဘေးကင်းသောဆည်းကပ်မှုဖြစ်သည်။ မြတ်သောကိုးကွယ်မှုဖြစ်သည်။ ထို့နောက် ဗုဒ္ဓဘုရားသည် သစ္စာလေးပါး တရားကို ဆက်လက်ဟောကြားရာ အဂ္ဂိဒတ္တရသေ့နှင့် တပည့်တစ်သောင်းတို့ ရဟန္တာဖြစ်ခဲ့ကြသည်။  ပါရှန်လူမျိုးတို့၏ ဇိုးယိုးအက်စတား ဘာသာသည် မီးကို အထွတ်အမြတ် ထားသော ၀ါဒဖြစ်၏ ။ ထိုဝါဒမျိုးသည် အိန္ဒိယ၌လည်းထွန်းကားနေ၏ ။ ဗုဒ္ဓဘုရားသည် ဝေဠုဝန်ကျောင်း၌နေစဉ် ရှင်သာရိပုတ္တရာ၏ တူတော်သူပုဏ္ဏားတစ်ယောက်သည် မီးနတ်ကို လုပ်ကျွေးပူဇော်နေသူဖြစ်သည် ။ ဘုရားရှင်သည် ထိုပုဏ္ဏားကို ဤသို့ဟောကြားဆုံးမတော်မူသည် ။                          { အကြင်ပုဂ္ဂိုလ်သည် အနှစ်တစ်ရာမျှ မီးကိုလုပ်ကျွေး ပူဇော်နေသူဖြစ်၏ ။ အကြင်ပုဂ္ဂိုလ်မှာမူ ၀ိပဿနာဥာဏ်အမြင်ရှိသော ရဟန်းကို ခဏမျှပူဇော်၏ ထိုပုဂ္ဂိုလ်နှစ်ဦးတို့တွင် ဥာဏ်အမြင်ရှိသော ပုဂ္ဂိုလ်အား ပူဇော်ခြင်းသည် မြတ်၏ ။ မီးကို အနှစ်တစ်ရာ ပူဇော်ခြင်းဖြင့် အကျိုးမရှိ…} ။

                                         နဂုင်္ဋ္ဌ ဇာတ်တော်     

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သော် ဘုရားအလောင်းတော်သည် ဥဒ္ဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၏ ။ မိဘတို့သည် ဘုရားလောင်းမွေးသော နေ့မှစ၍ မီးကို သိမ်းဆည်းကြသည် ။ ထိုမီးကို အငြိမ်းအပျောက်အောင် စောင့်ရှောက်ထားကြလေသည်။   ဘုရားအလောင်းတော် ၁၆- နှစ်အရွယ်သို့ ရောက်သောအခါ မိဘတို့က {ချစ်သား သင်မွေးဖွားသော နေ့ကပင် ဒီမီးကို မွေး၍ ထိန်းသိမ်းစောင့်ရှောက် ခဲ့ရသည်။  အကယ်၍ အိမ်မှာနေလိုလျှင် ဗေဒင် ၃-ပုံကိုသင်ပါ ။ ဗြဟ္မာ့ပြည်သို့ ရောက်လိုလျှင်လည်း ဒီမီးကိုယူပြီး တောကိုသွားပါ ။ မီးနတ်ကို လုပ်ကျွေးပြီး ဗြဟ္မာကြီးကို နှစ်သက်အောင် ဆောင်ရွက်နေပါတော့ } ဟုပြောကြသည် ။ ဘုရားလောင်းသည် အိမ်နေလူသားအဖြစ်မနေလိုသောကြောင့် မိမိအတွက် မွှေးယူထားသော မီးကိုယူ၍  တောဝနာသို့ ထွက်ခွါလာခဲ့သည်။ တောဝနာ၌နေ၍ မီးကိုမငြိမ်းအောင် ထိန်းသိမ်းပြီး မီးနတ်ကိုပင် လုပ်ကျွေးနေခဲ့သည် ။  တစ်နေ့သော် ပစ္စန္တရစ်ရွာက နွားတစ်ကောင်ကို အလှူခံ ရရှိသည် ။ ဘုရားလောင်းသည် မိမိရသောနွားကို မီးနတ်အား ပူဇော်ပသလို၏ ။ သို့သော်လည်း တောထဲမှာဖြစ်၍ ဆားက မရှိ ။ ဆားမပါသောဟင်းလျာကို မီးနတ်သခင်အားဆက်သလျှင် ကျေနပ်မည်မဟုတ် ။ ထို့ကြောင့် ဆားရရှိရန် ရွာဆီသို့ ထွက်လာခဲ့သည်။  `
ဘုရားအလောင်းမရှိချိန်တွင် မုဆိုးတစ်သိုက် ရောက်လာပြီးနောက် နွားကိုတွေ့၍ သတ်စားသွားကြသည်။ အမြီးနှင့် အရိုးအရေတို့ကိုမူ ထိုနေရာမှာပင် ပစ်ချသွားကြသည် ။  ဘုရားလောင်းပုဏ္ဏားပြန်လာသောအခါ နွားကို မတွေ့ရတော့ ။ အမြီးနှင့် အရိုးအရေတို့ကိုသာ တွေ့ရတော့သည် ။    ဘုရားလောင်းသည်  မိမိ ထိန်းသိမ်း စောင့်ရှောက်ခဲ့ရသော မီးနတ်ဒေ၀ါကို ကြည့်၍ အသိမှန်ရသွားသည် ။       { ဘုန်းရှိသော မီးနတ်မင်းဟာ ကိုယ်စားရမည့် ဥစ္စာကိုပင် မစောင့်ရှောက်နိုင်ဘူး …ငါ့အတွက်ဆိုလျှင် ဘယ်မှာ  စောင့်ရှောက် နိုင်ပါမည်နည်း….. ဒီမီးကို ဆက်လက်လုပ်ကျွေးနေလို့ အကျိုးမရှိနိုင်ဘူး } ဟု အသိမှန်ရသွားသည်..။ ထို့ကြောင့် { အို မီးနတ်ရှင် …သင်ဟာ ကိုယ့် ဥစ္စာ ကိုပင် စောင့်ရှောက်နိုင်သူ မဟုတ်ပါ…ယခုချိန်မှာ အမဲလည်း မရှိတော့ပါ … သင်နှင့်ထိုက်တန်သည့် ဒီအရိုးအရေနှင့်အမြီးတို့ကိုသာ စားရစ်ပေတော့…} ဟု ဆိုကာ အမြီးနှင့် အပိုင်းအစ တို့ကို မီးထဲသို့ ပစ်ချပြီးလျှင် ထွက်ခွါ သွား လေတော့သည်…။   ဗုဒ္ဓဘုရားရှင်သည် သစ်ပင် တော တောင်စသော  သဘာဝတရားတို့ကို ကိုးကွယ်နေခြင်းဖြင့် အကျိုးမရှိနိုင်ကြောင်း ထုံးဟောင်းသက်သေများဖြင့် ဟောကြား ပြသခဲ့ပါသည်။ သို့သော်လည်း လူတို့သည် သစ်ပင် တော တောင်စသည် တို့ကို နတ်အသွင် မှတ်ထင်လျက် ကိုးကွယ်ဆည်းကပ် နေကြသေးသည်။  မြန်မာနိုင်ငံတွင် ရှင်ကြီးပင်ခေါ် သစ်ပင်များမှာ သစ်ပင် ကိုးကွယ်မှုကို အခြေခံနေသော ယုံကြည်မှု ဖြစ်ပေသည်။ မြန်မာတို့၏ မြို့ရွာများ၌ ရှင်ကြီးပင်ခေါ်သော သစ်ပင်မျိုးစုံကို တွေ့နေရသည်။ ထိုသစ်ပင်သည် လူတို့ကို အန္တရာယ်ပေး တတ်သည်ဟဆိုကာ ကြောက်ရွံ့ကြသည်။ အညွန့် အတက်ကိုပင် မခူးဝံ့ကြ ။ အချို့ကမူ သပြေပန်းနှင့် ရေချမ်းကိုပင် ကပ်တင်ပူဇော်နေကြသေးသည်။  ထိုနတ်သစ်ပင်တို့၏ ဇါတ်လမ်းများလည်း ခပ်ဆန်းဆန်းရှိနေတတ်ကြသည်။ မြန်မာနိုင်ငံတွင် သစ်ပင်ကိုသာမဟုတ် ၊ တောကိုလည်း ကြောက်ရွံ့နေကြသည် ။ တောင်ပေါ်၌လည်း နတ်တင်ထားကြသည်။ ပုပ္ပါးတောင်ဆိုလျှင် ရှေးခေတ်ကပင် နတ်တောင်ဟူ၍ ထင်ပေါ်လာခဲ့သည် ။ မင်းမဟာဂီရိခေါ် နတ်ကြီါ်က အုပ်စိုးနေခဲ့သည်။ နောက်ပိုင်း နီဂရစ်တို မျိုးနွယ် နတ်မ မယ်ဝဏ္ဏက ခေတ်စားလာသဖြင့် မဟာဂီရိကြီး တန်ခိုးမှိန်သွား၏ ။ ယခုအချိန်တွင် ပုပ္ပါးတောင်ထိတ်၌  နတ်ရုပ်တုပေါင်းစုံကို ထုလုပ်တင်ထားကြရာ နတ်ပြတိုက်ကြီးအလား ထင်ရှားနေလေသည် ။   ယနေ့မြန်မာနိုင်ငံတွင် တောင်တိုင်းလောက်မှာပင် ကိုယ့်တောင်နှင့် ကိုယ့်နတ် ၊ ကိုယ်ဇါတ်နှင့်ကိုယ် အသီးသီးရှိနေတတ်ကြ၏ ။ ကိုယ့်အရပ်နှင့် ကိုယ့်ရှင်ကြီးပင်များ ရှိနေတတ်ကြ၏ ကြောက်ရွံ့နေကြဆဲ ရှိသေး၏ ။ မိဘနှင့် ဆရာသမားကို ပြစ်မှားဝံ့သူတို့သည် ရှင်ကြီးပင်အောက်၌မူ ဖိနပ်မစီးရဲကြချေ ။                                                    ဤနေရာ၌ စဉ်းစားစရာ ရှိ၏ ။နတ်ရှိသော သစ်များမှာ အများဖြင့် ရပ်နား ရွာနားရှိ သစ်ပင်များသာဖြစ်သည် ။ လူနှင့်ဝေးရာ တောကြီးထဲ၌မူ နတ်သစ်ပင် ဟူ၍ မရှိ ။ နတ်ကိုင်စရာလည်း မရှိ ။ နတ်ရှိ၍ နတ်ကိုင်မည် ဆိုလျှင် သစ်ထုပ်လုပ်ရေး ၀န်ထမ်း တို့အတွက် ခက်ရချေတော့မည် ။
         
             ......ထေရ၀ါဒ အမြင်နှင့် ကယ်တင်ရှင်…….

ထေရ၀ါဒ ဒေသနာအစဉ်၌ ကယ်တင်ရှင်ဟူ၍ မရှိ ။ ကယ်တင်ပေးနိုင်သူ ဟူ၍လည်း မရှိပေ ။ ဗုဒ္ဓဘုရား ကိုယ်တိုင်လည်း လူသားတို့အတွက် ကယ်တင်ရှင် မဟုတ်ခဲ့ ။ လူသားတို့ အတွက် { လမ်းညွှန်သူ } သာဖြစ်လေသည် ။                                           ဗုဒ္ဓဘုရားရှင်က…………….
{ ချစ်သားတို့ …..သင်တို့လွတ်မြောက်မှုအတွက် သင်တို့ကိုယ်တိုင် ကြိုးစားအားထုတ်အပ်၏ ။ ဘုရားရှင်တို့ မည်သည် လမ်းညွှန်ဟောပြောရုံသာ ဟောပြတော်မူနိုင်ကြကုန်၏ ….} ဟု ဓမ္မပဒဒေသနာ၌ အတိအလင်း ဟောပြထားသည် ။    ထို့ပြင် ခန္ဓ၀ဂ္ဂသံယုတ် ၊ အတ္တဒီပသုတ်၌လည်း…….                             { ရဟန်းတို့ မိမိကိုယ်သာ မှီခိုကြလျက် ၊ မိမိကိုယ်သာ အားထားကြလျက်၊ အခြားတစါပါးကို အားမကိုးကြဘဲ တရားကိုသာ မှီခိုကြလျက် ၊ တရားကိုသာ အားထားကြလျက် အခြားတစ်ပါးကို အားမထားကြဘဲ နေကြကုန်လော့ } …ဟုဟောကြားတော်မူခဲ့သည် ။                                                      ဗုဒ္ဓဘုရားက လူသားတစ်ဦး၏ဘ၀ကို တရားဓမ္မဖြင့်သာ နေထိုင်ကြရန် ဟောကြားခဲ့သည် ။ လူတို့သည် မိမိတို့၏ ဘသကို မိမိတို့ ကိုယ်တိုင်သာ ဖန်တီးသည်။ ကိုယ်ကံ ကိုယ်ပြု၍ ကိုယ့်အမှု ကိုယ်ဆောင်ကြရသည် ။ မိမိ၏ ဘ၀အတွက် ကောင်းမှု ဆိုးမှုကို မိမိကိုယ်တိုင်သာလျှင် ဖန်တီးသည်ဟု ဟောကြား၏ ။ ကောင်းမှု မကောင်းမှု သဘောတရားများကိုလည်း ဟောကြားပြသ၏ ။ မကောင်းမှု ကိုရှောင်၍ ကောင်းမှုကို ဆောင်ရန်လည်း ညွှန်ကြားသည် ။  ကောင်းမှုကို လုပ်သောသူသည် ကောင်းသော အကျိုးဆက်ကိုဖြစ်စေ၏ ။ မကောင်းမှုကို လုပ်သောသူသည် မကောင်းသော အကျိုးဆက်ကို ဖြစ်စေ၏ ။ ဤသို့လျှင် ကမ္မနိယာမ သဘောတရားဖြင့် ထိန်းကျောင်းလျက် မတိမ်းစောင်းအောင် ဟောပြတော်မူခဲ့လေသည် ။                          သို့ပါလျက် လူအချို့တို့သည်  မိမိဘ၀အတွက် ကယ်တင်ရှင်ကို ရှာမှီး ကိုးကွယ် နေကြသည် ။ မမြင်ရသော မမြင်ဘူးသော ကြားဖူးနားဝရှိသော နတ်ဒေ၀တာ တို့၏ ကူညီမစမှုကို အတွေးစိတ္တဇဖြင့် တောင့်တနေကြသည် ။ တောင်းခံနေကြ၏ ။ မိမိတို့ လူသားအချင်းချင်းလည်း ကယ်တင်နိုင် မည်ဟု ထင်သော ပုဂ္ဂိုလ်ကြီးများ၏ မ စမှုကို မျှော်လင့်နေကြသည် ။ ဓါတ်ပွင့်အောင် စန်းပွင့်အောင် တောင်းဆိုနေကြသည် ။ ကောင်းမှုမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း ရှိခိုးဦးတင်၍ တောင်းဆုပန်ဆင်နေကြသည် ။
တကယ်တော့မူ လူသားတစ်ဦး၏ ကောင်းမှု ဆိုးမှုကို လမ်းကြောင်းပြောင်း၍ တိမ်းစောင်းသွားအောင် ဘယ်ပုဂ္ဂိုလ်ကမှ ရွက်ဆောင်မပေးနိုင်ပေ ။ ဆုတောင်းပေး၍လည်းမရ ။ ဤသဘောတရားကို ဗုဒ္ဓဘုရားရှင်ကလည်း ဟောကြားခဲ့ပါသည် ။        ဗုဒ္ဓဘုရားရှင် နာလိန္ဒမြို့ ပါဝါရိက သရက်ဥယျာဉ်၌ သီတင်းသုံးနေစဉ် ရွာသူကြီးတစ်ယောက်က လျှောက်ထားခဲ့ဘူးသည် ။                          { အရှင်ဘုရား …ပစ္ဆာဘူမိအရပ်မှာနေသော ပုဏ္ဏားတွေက လူတွေကို နတ်ဘ၀ရောက်အောင် လုပ်ပေးနိုင်သည်လို့ ဆိုပါသည် ။  အရှင်ဘုရားကော လုပ်ပေးနိုင်ပါသလား..} { ရွာသူ ကြီး …ကျောက်တုံးကြီးတစ်တုံး ရေထဲပစ်ချလိုက်ပြီးနောက် လူတွေက ၀ိုင်းပြီး….အို…ကျောက်တုံးကြီး ၊ ရေပေါ်မှာပေါ်ပါလော့ ၊ ကုန်းပေါ်သို့ တက်ခဲ့ပါလော့….လို့ အကြိမ်ကြိမ် တောင်းဆိုလျှင် ကျောက်တုံးကြီး ပေါ်လာပါမည်လား…ကုန်းပေါ်တက်လာပါမည်လား….}                                               { မပေါ်လာနိုင်ပါ….မတက်လာနိုင်ပါ ဘုရား..}                                                                          { ရွာသူကြီး….ထောပတ်တစ်လုံးကို ရေထဲမှာ ရိုက်ခွဲ လိုက်မည်ဆိုလျှင် အိုးခြမ်းကွဲတွေက ရေထဲမှာမြုပ်ပြီး ထောပတ်တွေက ရေပေါ်မှာ ပေါ်နေလိမ့်မည်။ ဒီအခါမှာ လူတွေက ၀ိုင်းပြီး …ထောပတ်တွေ ရေအောက် နစ်မြုပ်ပါစေ…လို့ ဆုတောင်းကြလျှင် မြုပ်သွားပါမည်လား..။}                                              { မမြုပ်နိုင်ပါ ဘုရား}                                                                                 { ရွာသူကြီး …ဒီဥပမာလိုပဲ ကုသိုလ်ကောင်းမှုမလုပ်ဘဲ မကောင်းမှုတွေကို လုပ်နေပြီ ဆိုလျှင် ကောင်းရာဘ၀ရောက်ပါစေလို့ ဘယ်လိုပင် ဆုတောင်း သော်လည်း မရနိုင်ဘူး.. ကောင်းမှု လုပ်နေသူတွေကိုလည်း မကောင်းသည့် ဘ၀ခံရပါစေဆိုလို့  မရဘူး.. ကောင်းမှု အကျိုးအတိုင်း ကောင်းသောဘ၀ကို ရရှိမည်သာတည်း..။}
ဤ ဒေသနာကိုကြည့်လျှင် လူသားတစ်ဦးအတွက် အခြားသူက ကယ်တင်၍မနိုင်ကြောင်း ..ဆုတောင်း၍ လည်း မရနိုင်ကြောင်း … သူတစ်ပါးကဆုတောင်းပေး၍လည်း မရနိုင်ကြောင်း…မိမိဘ၀ကို မိမိသာလျှင် ဖန်တီးနိုင်ကြောင်း …မိမိ ကိုယ်သာလျှင် မိမိ ကယ်တင်ရှင်ဖြစ်ကြောင်း ရေပြင်မှာ လှေယာဉ်သွားသလို ထင်ရှားလေပြီ…။

        ……..ထေရ၀ါဒနှင့် အတိတ်နိမိတ် ယုံကြည်မှု…….   

ဗုဒ္ဓဘုရားရှင် ပွင့်တော်မူသောခေတ်၌ အိန္ဒိယနိုင်ငံတွင် အတိတ်စွဲ နမိတ်စွဲ စသောအယူအဆများလည်း များပြားလှ၏ ။ အတိတ်ကောင်း နမိတ်ကောင်းနှင့် တွေ့ကြုံမှ မင်္ဂလာဖြစ်သည်.။ မကောင်းလျှင် အမင်္ဂလာဖြစ်သည်ဟု လက်ခံ ယုံကြည်နေကြသည် ။ ဤ အယူအဆကို လောကီ မင်္ဂလာဟု ခေါ်ကြသည် ။ ဤ အတိတ် နမိတ်စွဲလည်း ၃- မျိုးရှိသည်။    
(၁)..ဒိဋ္ဌမင်္ဂလာ…….အမြင်နိမိတ်ကို စွဲ၍ဖြစ်သော မင်္ဂလာကိုခေါ်သည်။ နံနက်အိပ်ထာမှထလျှင် ပျံလွှား ၊ မိုးစာငှက် ၊ ကိုယ်ဝန်ဆောင် ၊ အပျို ၊ လူပျို ၊ အာဇာနည်မြင်း ၊ နွားလားဥဿဘ စသည်ကိုမြင်လျှင် နိမိတ်ကောင်းသည် ဟုယူဆကြ၏ ။ သူတောင်းစား စသည်ကြိုမင်ရလျှင် နိမိတ်မကောင်း အမင်္ဂလာဖြစ်သည်ဟု ယုံကြည်ကြည် ။
(၂)….သုတမင်္ဂလာ……အကြားကိုစွဲ၍ဖြစ်သော အတိတ်နိမိတ် မင်္ဂလာကိုခေါ်သည်။ ၀မ်းမြောက်ပျော်ရွှင်ဖွယ် အသံကောင်းအဆိုကောင်းကို ကြားရလျှင် အတိတ်နိမိတ်ကောင်း မင်္ဂလာဖြစ်သည်ဟု ယုံကြည်ကြသည်။ ဇီးကွက်မြည်သံကို ကြားရလျှင်လည်း ထို့အတူပင်။ ငိုကြွေးသံ ငှက်ဆိုးထိုးသံတို့ကို ကြားရလျှင် အတိတ်နိမိတ် မကောင်း အမင်္ဂလာဖြစ်သည်ဟု ယုံကြည်ကြသည်။
(၃)….မုတမင်္ဂလာ….အတွေ့ကိုစွဲ၍ဖြစ်သော အတိတ်နိမိတ်မင်္ဂလာကိုခေါ်သည်။ အနံ့ကောင်း အရသာကောင်း အတွေ့အထိကောင်း များကိုရရှိလျှင် မင်္ဂလာရှိသော အတိတ်နိမိတ်ဟုယုံကြည်ကြသည်။ အနံ့ဆိုး အရသာဆိုး အတွေ့အထိဆိုး တို့ကိုတွေ့ရလျှင် နိမိတ်မကောင်းသော အမင်္ဂလာဟု ယုံကြည်ကြသည်။ အိန္ဒိယ အယူဝါဒအရဆိုလျှင် ဇါတ်နိမ့်သော ဒွန်းစဏ္ဍားတို့၏ ကိုယ်နှင့် ထိမိလျှင်ပင် အမင်္ဂလာအမှု ဟူ၍ ယုံကြည်ကြသည်။
လူတို့၏ ရက်ရာဇာ ပြဿဒါး လာဘ်နေ နတ်နေ နက္ခတ်ကောင်း၊ မကောင်းစသော အယူအဆများမှာလည်း ထိုအတိတ်နိမိတ်စွဲ မင်္ဂလာယုံကြည်မှု၌ ပါဝင်ကြသည်။ ဗုဒ္ဓဘုရားသည် ဤကဲ့သို့ အတိတ်နိမိတ်စွဲ မင်္ဂလာတို့ကို အလေးထား၍ မယုံကြည်အပ်ကြောင်း နောက်ကြောင်းဖြစ်ရပ် ဇါတ်ဒေသနာအဖြာဖြာဖြင့် ဟောပြခဲ့ပါသည်။
ဗာရာဏသီပြည်မှ မိဘနှစ်ပါးတို့သည် သားအတွက် ဇနပုဒ်မှ အမျိုးသမီးတစ်ဦးကိုတောင်းယူရန် ရက်ချိန်းပေး၍ သတ်မှတ်ခဲ့ကြသည်။ အမျိုးသမီး၏ မိဘများကလည်း သဘောတူလက်ခံထားကြသည်။ ရက်ချိန်းပေးပြီးမှ အာဇီဝကတက္ကတွန်းကို သွားမေးရာ ထိုရက်မှာ နက္ခတ်ကောင်းသော ရက် မဟုတ်ကြောင်းပြောသည် ။ ထို့ကြောင့်  သားရှင်တို့သည် ချိန်သောရက်မှာ မသွားကြဘဲ နောက်ရက်သို့ ရွှေ့ဆိုင်းနေကြသည်။ ဇနပုဒ်မှ သမီးရှင်များကမူ ချိန်းဆိုသည့်နေ့၌ စောင်းဆိုင်းနေကြသည်။ အချိန်ကုန်၍ မလာသောကြောင့် အခြားယောင်္ကျားလေးတစ်ဦးနှင့် ပေးစားလိုက်ကြသည်။ ဤဖြစ်ရပ်ဇါတ်ကြောင်းကို အခြေခံ၍ ဗုဒ္ဓဘုရားက{ နက္ခတ်ကောင်း အချိန်ကောင်းကို စောင့်ဆိုင်းနေသည့် အသိဉာဏ်မရှိသူကို  လိုအပ်သောအကျိုးတရားသည် နီးကပ်လာပြီးမှ ကျော်လွန်သွား တတ်၏ ။ လိုအပ်သော အချိန်၌ လိုအပ်သောအလုပ်ကို လုပ်ဆောင်ခြင်းသည် အချိန်ကောင်း နက္ခတ်ကောင်းပင်ဖြစ်သည်။ ကောင်းကင်ကနက္ခတ် တို့သည်ဘယ်အကျိုးကို ဖြစ်စေနိုင်ပါမည်နည်း။ }  ဟုနေ့ကောင်းရက်သာ ရွေးသူတို့အတွက် အမှန်တရားကို မြွက်ကြားပြခဲ့သည်။ အတိတ်စွဲ နမိတ်စွဲနှင့်ပတ်သက်၍လည်း ဗုဒ္ဓဘုရားရှင်က ချေဖျက်ဟောကြားခဲ့ပါသည်။ ဘုရားရှင် လက်ထက်ကလည်း ပုထုဇဉ်ရဟန်းတို့သည် အတိတ် နမိတ်စွဲ ယုံကြည်မှုများ ရှိနေကြဟန်တူပါသည် ။ ထိုကိစ္စနှင့်ပတ်သက်၍  သမ္မာပရိဗ္ဗာဇနိယသုတ်၌…………{ကာမဂုဏ်တို့ကို ပယ်စွန့်ပြီး လူ့ဘောင်မှထွက်လာသည့် ရဟန်းတို့မှာ ဘယ်ကဲ့သို့ ကောင်းစွာကျင့်သုံး နေရပါမည်နည်း…}.ဟုမေးသည်။  ထိုအခါ ဘုရားရှင်က ဤသို့ဖြေကြားတော်မူ၏ ။
{ အကြင်ရဟန်းသည် ကောင်းကျိုးရကြောင်း နိမိတ်ကောင်းဖြစ်သည်ဟု စွဲလမ်းယုံကြည်သည့် လောကီဆိုင်ရာ မင်္ဂလာတို့ကို အရိယာမဂ်ဖြင့် ကောင်းစွာပယ်ပြီးပြီ….မိုးကြီုးပစ်ခြင်း လောင်မီးကျခြင်း စသော ဘေးဥပဒ် ဆိုင်ရာ အယူအစွဲ သက်ရှိ သက်မဲ့ အသုံးအဆောင်ပစ္စည်းတို့၏ လက္ခဏာဆိုင်ရာ အယူအစွဲ တို့ကို အရိယာမဂ်ဖြင့် ကောင်းစွာကယ်ပြီးပြီ…..ထိုရဟန်းသည် မင်္ဂလာနှင့်စပ်သော အပြစ်ဟူသမျှ ပယ်ပြီး ဖြစ်လေတော့သည် ။  ထိုရဟန်းသည် လောက၌ ကောင်းစွာ ကျင့်သုံး နေနိုင်ပါပေသည်။ }     
   ဗုဒ္ဓဘုရားသည် ဤကဲ့သို့အတိတ်စွဲ နမိတ်စွဲယုံကြည်မှုများကိုလည်း ချေဖျက် ဟောကြားပါသည်။ ဤယုံကြည်မှုများမှာ လူသားတို့၏ စိတ္တဇအတွေးဖြင့် သတ်မှတ်ယုံကြည်နေသော ဖန်တီးမှုများသာဖြစ်သည်။ လက်ငင်းလက်တွေ့မကျသော ယုံကြည်မှုများသာဖြစ်သည်။ ထိုအတွေးယုံကြည်များမှာ ဘာမျှ အဓိပ္ပါယ်မရှိ  လူ၏စိတ်ကို နွမ်းညစ်စေသော ယုံကြည်မှုများသာဖြစ်၍ ကယ်မြစ်နေထိုင်ကြရန် ဟောကြားခြင်းဖြစ်သည်။ ဤသို့ ပယ်မြစ်နေနိုင်ပြီဆိုလျှင် စိတ်ကိုချုပ်နှောင်ထားသော တရားများမှလည်း လွတ်မြောက်ပြီ ။စိတ်၏လွတ်လပ်မှုကိုရရှိသွားပြီ ။ ဗုဒ္ဓဘုရားသည် မိမိကိုယ်တိုင်လည်း စိတ္တအတွေးဖြင့် ဖန်တီးထားသော အတိတ်နိမိတ်စွဲတို့ကို တော်လှန်ပြခဲ့သည်။ ကိုယ်တိုင် ကျင့်သုံးပြခဲ့သည်။

…….နိမိတ်စွဲ ဆန့်ကျင်ရေး ဇာတ်တော်များ………

ရာဇဂြိုဟ်ပြည်၌ ပုဏ္ဏားတစ်ယောက်သည် အတိတ်နိမိတ်ကို မင်္ဂလာဟု ယုံကြည်နေသူဖြစ်သည်။ ရတနာ ၃-ပါးကိုမူ မယုံကြည် မိစ္ဆာအယူကို ကျင့်သုံးနေသူတည်း ။
တစ်နေ့သ၌ ပုဏ္ဏား၏ အ၀တ်သေတ္တာထဲသို့ ကြွက်ဝင်၍ကိုက်ထား၏ ။ ပုဏ္ဏားသည် ရေချိုး ခေါင်းလျှော်ပြီး၍ အ၀တ်လဲရန် အယူခိုင်းသည်။ ထိုအခါမှ အ၀တ်များကို ကြွက်ကိုက်ထားကြောင်း သိရှိရသည်။ ပုဏ္ဏားသည် ကြွက်ကိုက်သော အ၀တ်တို့ကို ကြည့်၍ “ ကြွက်ကိုက်သည့် အ၀တ်ကို ဒီအိမ်မှာထားလျှင် ပျက်စီးတော့မည်။ မင်္ဂလာမရှိတော့ဘူး။ အစေခံတွေပေးလျှင်လည်း သူတို့ပျက်စီးကုန်တော့မည်။ အ၀တ်တွေကို သုဿန်သွားပြီး ပစ်ခိုင်းရမည်” ဟု ကြံစည်မိသည်။    ဤအ၀တ်တွေကို အစေခံတွေကို လွှင့်ပစ်ခိုင်း၍လည်းမဖြစ် အ၀တ်တွေက အကောင်းစားတွေဖြစ်၏။ အချို့အ၀တ်တွေက သုံး၍ကောင်းသေးသည်.။ အစေခံတွေက မလွှင့်ပစ်ပဲ သိမ်းဆည်း သွားလျှင် ပျက်စီးကုန်တော့မည်။ ထို့ကြောင့် မိမိသားကိုပင် ပစ်ခိုင်းရမည်။ “ ချစ်သား ဒီအ၀တ်တွေကို လက်နှင့်မထိစေနှင့် လှင်ကန် [ တုတ်ချောင်း ] နှင့်ကော်ယူသွားပါ ။  သုဿန်မှာပစ်ထားခဲ့ပါ ။ ငါ့သားလည်းခေါင်းလျှော်ပြီးမှ အိမ်ကိုပြန်လာပါ “ ဤဖြစ်စဉ်ကိုသိသော ဗုဒ္ဓဘုရားရှင်သည် သုဿန်သို့ သွား၍ ပုဏ္ဏား၏သားအလာကို စောင့်ကြိုနေသည်။ ပုဏ္ဏားကြီး၏သားလည်း အ၀တ်တွေကို လှင်ကန်ဖြင့်ကော်၍ သုဿန်သို့ ရောက်ရှိလာသည်။ အသင့်စောင့်နေသော ဘုရားရှင်နှင့် တွေ့ကြသည်။ ဘုရားရှင်က “ အသင်လုလင် ဘာကြောင့် သုဿန်သို့ လာသနည်း “  ဟုမေးသည်။    “ အရှင်ဘုရား…..တပည့်တော်တို့ အိမ်မှာ အ၀တ်တွေကို ကြွက်ကိုက်ခံရပါသည် ။ နိမိတ်မကောင်းတော့ပါ ဒီပစ္စည်းတွေကို အိမ်မှာထားလျှင် ပျက်စီးတတ်ပါသည် ။ ဒါကြောင့်ကြွက်ကိုက်အ၀တ်တွေကို စွန့်ပစ်ဖို့လာခဲ့ ပါသည်….။ ဟုဖြေသည် ။ ထို့နောက် ပုဏ္ဏား၏သားက အ၀တ်တွေကို စွန့်ပစ်လိုက်သည် ဘုရားရှင်သည် စွန့်ပစ်လိုက်သော အ၀တ်တွေကို ကောက်ယူသိမ်းဆည်း၍ ဝေဠုဝန်ကျောင်းသို့ ပြန်သွားလေတော့သည်။ ပုဏ္ဏားသားသည် ဤထူးဆန်းသောဖြစ်ရပ်ကို ဖခင်ပုဏ္ဏားကြီးအား ပြန်ပြောပြသည်။ ပုဏ္ဏားကြီးသည် ပျာပျာသလဲဖြစ်ကာ                        “ ရဟန်းဂေါတမဟာ ပျက်စီးတော့မည် အမြန်သွားပြီး အ၀တ်သစ်နှင့် လဲပေးမှ သင့်လိမ့်မည် “ ဟုဆိုကာ အခြားအ၀တ်သစ်တို့ကိုယူ၍ ဝေဠုဝန်ကျောင်းသို့ လိုက်လာသည်။   “ အရှင်ဂေါတမ ၊ ကြွက်ကိုက်သည့်အ၀တ်တွေကို ထားလျှင် အရှင်ဘုရားရော ကျောင်းတိုက်ပါ ပျက်စီးပါလိမ့်မည် ။ မထားပါနှင့် ။ သင်္ကန်းအတွက် မလုံလောက်လျှင် ဒီအ၀တ်တွေကိုယူပြီး သင်္ကန်းချုပ်ဝတ်ပါ ။ ကြွက်ကိုက်တာတွေကို အခုချက်ချင်း စွန့်ပစ်လိုက်ပါ ။ “ ဟုလျှောက်သည် ။                                                                  ထိုအခါမှ ဗုဒ္ဓဘုရားရှင်သည် ပုဏ္ဏားသားအဖအား မင်္ဂလဇာတ်တော်ကို ဟောကြားတော်မူသည် ။ မင်္ဂလဇာတ်အဆုံးတွင် ဤသို့ဟောပြပါသည် ။                                                   ပုဏ္ဏားကြီး ရဟန္တာပုဂ္ဂိုလ်တို့ဟာ လောကီမင်္ဂလာတို့ကိုလည်းကောင်း ၊ နေကြတ် လကြတ် နက္ခတ်ကြတ် ဥက္ကာကျ အရပ်မီးလောင်ခြင်း စသော ဥပဒ်တို့ကိုလည်းကောင်း အထူးထူးသော အိမ်မက်ဆိုင်ရာ အတိတ်နိမိတ်တို့ကိုလည်းကောင်း လက္ခဏာဖတ် သော အလုပ်ကိုလည်းကောင်း ပယ်ဖြတ်ထားကြသည် ။ ရဟန္တာတို့သည် လောကီမင်္ဂလာနှင့် အတိတ်နိမိတ်စွဲတို့ကို လွန်မြောက်နေကြပြီ ။ အစွဲအလမ်းကို ပယ်ဖြတ်ပြီးပြီ ။ အယုတ်ဆုံးအားဖြင့် ဤလောကကိုပင် အစွဲမရှိကြတော့ပြီ ။                                      ပုဏ္ဏားသားအဖသည် ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် သောတာပတ္တိဖိုလ် သို့ရောက်ရှိသွားကြတော့သည် ။                                                                                                          ဘုရားရှင်လက်ထက်က သန်လျက်ကိုနမ်း၍ နိမိတ်ဖတ်သော ဖြစ်ရပ်ဆန်းဇာတ်လမ်း တစ်ပုဒ်လည်း ရှိသည်။ ကောသလမင်းကြီးမှာ သန်လျက်၏ နိမိတ်လက္ခဏာကို ဖတ်သော ပုဏ္ဏားတစ်ယောက်ကရှိသည် ။ ပန်းပဲဆရာတို့သည် သန်လျက်ကို ပြုလုပ်၍  ဘုရင့်ထံဆက်သသောအခါတွင် ထိုပုဏ္ဏားက သန်လျက်ကိုနမ်း၍ နိမိတ်ဖတ် လျှောက်သည်။ ပုဏ္ဏားသည် မိမိအားလာဘ်ထိုးထားသော ပန်းပဲဆရာတို့၏ သန်လျက်ဆိုလျှင် “ ဒီသန်လျက်ကို သုံးစွဲလျှင် ဘုန်းကံကြီးမည် မင်္ဂလာရှိမည် “ စသည်ဖြင့် အမွှမ်းတင်၍ နိမိတ်ဖတ် ဟောပြောလေ့ရှိ၏ ။ အကယ်၍ လာဘ်ထိုး မထားခဲ့လျှင် “ ဒီသန်လျက်က မင်္ဂလာမရှိ “ ဟု ဆိုကာ ကဲ့ရဲ့ပြောကြားလေ့ရှိသည် ။         တစ်နေ့သောအခါ ပုဏ္ဏား၏အပြုအမူကို မကျေနပ်သော ပန်းပဲဆရာတစ်ဦးက သန်လျက်အိမ်ထဲ၌ နှုးညံ့သည့် ငရုပ်သီးမှုန့်ကို ထည့်၍ဆက်သည် ။ ပုဏ္ဏားသည် သန်လျက် ကိုထုတ်ယူ၍ ရုတ်တရက်နမ်းလိုက်ရာ နှာခေါင်းထဲသို့ ငရုပ်မှုန့်များ ၀င်သွားပြီး ချေဆတ်လိုက်၏ ။ ပုဏ္ဏားကြီးသည် သန်လျက်သွားနှင့် ခတ်မိသောကြောင့် နှာခေါင်းပြတ်သွားရသည် ။ သူတစ်ပါးအတွက် နိမိတ်ဖတ်သော ပုဏ္ဏားကြီးသည် မိမိနှာခေါင်း ပြတ်မည့် ကိစ္စကိုမူ ဘယ်အတိတ်နိမိတ်မှ ပြခဲ့ဟန်မတူချေ ။                                                                                           
          
                        ထေရ၀ါဒ ဗုဒ္ဓဘာသာမူ ၅ - ရပ်

ဗုဒ္ဓဘုရားရှင်သည် စိတ္တဇအတွေးဖြင့် ဖန်ဆင်းကိုးကွယ်ယုံကြည်နေသော လုပ်ငန်းရပ်များကို အခါမလပ် ချေဖျက်ဟောကြားတော်မူ၏။ ထိုကိုးကွယ်မူတို့ကြောင့်လည်း ဘာမျှ အကျိုးတရားမရနိုင်ကြောင်း သက်သေပေါင်းများစွာဖြင့် ဟောကြားတော်မူသည်။
ဗုဒ္ဓဘုရား၏ ဘာသာတရားကို သက်ဝင်ယုံကြည်၍ ဗုဒ္ဓ၏ ဥပသကာအမည်ခံသော ဗုဒ္ဓဘာသာဝင်တို့သည် အထင်စွဲအာရုံ ကိုးကွယ်မှုအဖုံဖုံတို့ကို စွန့်လွှတ်နိုင်ကြရမည် ။ အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်တို့ကိုလည်း ပယ်သတ်နိုင်ကြရပါမည်။
ဤပြင်ပကိုးကွယ်မှုနှင့် ယုံကြည်မှုများကို မပယ်သတ်နိုင်သေးလျှင် ဗုဒ္ဓဘုရားရှင်လိုလားသော ဥပါသကာ ဥပါသိကာ ဂုဏ်ကို အပြည့်အ၀မရနိုင်ပေ။ စင်ကြယ်သန့်ရှင်းသော ဗုဒ္ဓဘာသာဝင်ဟုမဆိုနိုင်သေးချေ…..။
                                       ဗုဒ္ဓဘုရားရှင်သည် မိမိ၏ ဘာသာတရားတော်ကို သက်ဝင်ယုံကြည်သော ဥပါသကာ အစစ်ဖြစ်ရေးအတွက် ဥပဒေသ  ၅  ချက်ကို စံပြုသတ်မှတ်ထားသည်…ယင်းတို့မှာ……
(၁)       ယုံကြည်မှု သဒ္ဒါတရားရှိရမည်………………….
(၂)       စောင့်ထိန်းမှု သီလရှိရမည်……………………….
(၃)       ကောတုဟလ မင်္ဂလာကို မယုံကြည်ရ……………
(၄)       ကံကိုသာ ယုံကြည်သူ ဖြစ်ရမည်…………………..
(၅)       သာသနာတော် ပြင်ပ ကိုးကွယ်မှုကို မရှာမှီးရ     ဟူ၍ဖြစ်ပါသည်။
{ ၁ }   ယုံကြည်မှုသဒ္ဒါတရား….ဆိုသည်မှာ ဗုဒ္ဓ ဓမ္မ သံဃ တို့၌ အပြည့်အ၀ ယုံကြည်သူ ကိုဆိုလိုပါသည်။
{ ၂ }  စောင့်ထိန်းမှု သီလ ဆိုသည်မှာ ဗုဒ္ဓဘာသာကသတ်မှတ် ထားသော ကိုယ်ကျင့်သီလ စောင့်ထိန်းသူဖြစ်ရပါမည်။
{ ၃ }  ကောတုဟလ မင်္ဂလာ ဆိုသည်မှာ ပြဿဒါး ရက်ရာဇာ နေကြတ် လကြတ် စသောစိတ်ကူးယဉ်အတွေးတို့ ၌ ယုံကြည်နေမှု မရှိစေရ………..
{ ၄ }  ကံကိုသာယုံကြည်ခြင်း  ဆိုသည်မှာ ဒသ၀တ္ထုက ကမ္မဿကတာ သမ္မာဒိဋ္ဌိအမြင်နှင့် ပြည့်စုံရမည် …..မိမိ၏ ကံနှင့် ကံ၏အကျိုးဆက်ကိုသာ ယုံကြည်ရမည် …………အခြားယုံကြည်မှုများကို မယုံကြည်ရဟုဆိုလိုပါသည်။
{ ၅ }   သာသနာတော်မှ အပဖြစ်သော ကိုးကွယ်မှုများ သာသနာပြင်ပမှ အလှုခံ ပုဂ္ဂိုလ် တို့ကို ရှာမှီး၍ မဆည်းကပ်ရပါ………… နတ် သိကြား  ဗြဟ္မာ ဂြိုဟ်နတ် ထွက်ရပ်ပေါက် ဘိုးတော် မယ်တော် ၀ိဇ္ဇာ စသော သာသနာပြင်ပ ကိုးကွယ်မှု ကိုရှောင်ရှားရမည်ဟု ဆိုလိုပါသည်။

အချင်း ထေရ၀ါဒီ ဗုဒ္ဓ၀ါဒီ ဥပါသကာ  ဥပါသိကာတို့ သင်တို့သည် ဗုဒ္ဓအလိုကျ ဂုဏ်မြောက်သော ဥပါသကာ ယောင်္ကျား အစစ်ဖြစ်ပြီလော….ဥပါသိကာ မိန်းမ အစစ်ဖြစ်ပြီလော  …….ဤမေးခွန်းကိုမူ မိမိ ကိုယ်တိုင် ရိုးသားစွာ ဖြေဆိုကြရပေလိမ့်မည်။
      
                   ……..ယုံကြည်ကိုးကွယ်အမှု မှန်ကန်ရေး……   

မြန်မာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာ သန့်သန့်ကို လက်ခံကိုးကွယ်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၀၀-နီးပါး ရှိလေပြီ ။ ထိုအတောအတွင်း ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ရောနှော၍ အခြားကိုးကွယ်ယုံကြည်မှုများကိုလည်း အဆင့်နိမ့်နေရာ၌ထား၍ ကိုးကွယ်ယုံကြည်ခဲ့ကြ၏ ။ ခေတ်အဆက်ဆက် ပျောက်ပျက်သည်ဟူ၍ မရှိခဲ့ပေ ။
အချို့ခေတ်များတွင် ဗုဒ္ဓဘာသာ ပြင်ပကိုးကွယ်မှုများ ခေတ်စားသည်။ အလွန်အကျွံ ဖြစ်သည့်အခါမျိုးလည်းရှိသည်။  ဤ ကိုးကွယ်မှုများမှာ အများအားဖြင့်  နတ်ကိုးကွယ်မှုများဖြစ်သည် ။ ထိုအခါမျိုးတွင် တိုင်းပြည်အုပ်ချုပ်သော မင်းများက ထိန်းကျောင်းပေးကြရသည် ။  
အနော်ရထာမင်းသည် ကိုးကွယ်မှု အမှားများကို သန့်စင်အောင် ဆောင်ရွက်ပေးသော ရှေးဦးမင်းတစ်ပါးဖြစ်သည် ။
ဘုရင့်နောင် မင်းတရားလက်ထက်တွင် နတ်ကိုးကွယ်မှုများ ထူပြောနေ၏ ။ ကျွဲ နွား စသည်တို့ကို သတ်၍ အရက်ဖြင့် နတ်တင်သော နတ်ပွဲကြီးများ ခေတ်စားနေသည်။ ထို့ကြောင့် ဘုရင့်နောင်က ဤအမှုမျိုးကို မပြုလုပ်ကြရန် မင်းမိန့်ဖြင့် တားဆီးခဲ့ရသည်။
အနောက်ဘက်လွန်မင်းတရားသည် လူတို့ကိုလိမ်ညာနေသော နတ်တို့ကို နှိပ်ကွပ်၍ နတ်ရုပ်ပုံများကို စုဆောင်းပြီး လေးထပ်ကျောင်းကြီး၌ သိမ်းဆည်းခဲ့သည်။
ဟံသာဝတီရောက်မင်းသည် နတ်ကွန်း နတ်အိမ်များကို လူတို့အတွက် အနှောင့်အယှက် ဖြစ်စေသည်ဟုဆိုကာ ဖျက်သိမ်းပစ်ခဲ့ဖူးသည်။  မြန်မာမင်းအချို့တို့သည် ဤသို့သော စိတ္တဇကိုးကွယ်မှုများကို လျစ်လျူရှု မထားဘဲ ထိန်းသိမ်းကွပ်ကဲပေးခဲ့ကြသည်  ။ မြန်မာစာပေပညာရှင်တို့ကလည်း မှားယွင်းသောကိုးကွယ်မှုနှင့် ယုံကြည်မှုများကို စာပေဖြင့် ရေးသားပြခဲ့ကြသည်။ စာဆိုတော်  ရှင်မဟာရဋ္ဌသာရ ဆရာတော်က ကိုးခန်းပျို့ ( ၄၂ ) ၌ ဤသို့ ဖွဲ့ဆိုပြ၏
                                                                                                                             {သက်ခတ်ဂြိုလ်သွား၊ ဂြိုလ်စားဂြိုလ်ပျက်၊ ဓါတ်ရက် မိတ်ရန်၊ သုံးတန်ပေါ်နိစ်၊ ဂြိုလ်အိပ်စန်းကျ၊ မူလအာဒိ၊ သီရိအဆုံး၊ ပတ်ကုံးရက်ပိုင်း၊ သင်္ချိုင်းလေးထောင့်၊ နတ်စောင့်နတ်နေ၊ ရှစ်ထွေအခါ၊ ဖီလာ ကရဏ၊ ပဉ္စတီထိ၊ ယာယီယတြာ၊ ဇာတာအိမ်မက်၊ မပျက်မပြု၊ ထိုအစုကား၊ သိမှုတွေးဆ၊ ပညတ်မျှသာ၊ ကြောင်းရင်းရှာမူ၊ ကြမ္မာဖြင့်ချည်း၊ ဖြစ်သတည်းဟု၊ ခမည်းယုံစေ၊ စိတ်မသွေလင့်၊ သဗ္ဗေသတ္တာ၊ သတ္တ၀ါဟု၊နာနာလောကအနန္တကို၊ ကမ္မဿကာ၊ မှတ်ထင်ရာသည်၊ ယင်းသာ ဘူတ၀ါဒီတည်း ။ }
သံဝေဂ ကိုးခန်းပျို့ကိုရေးစပ်သော စာဆိုတော်ကလည်း နတ်ကိုးကွယ်မှုအမှားများကို ဤသို့ရေးသားဖွဲံ့ဆိုပြထားသည်။
{ အခန်းအနား၊ နတ်ထိမ်းများနှင့်၊ သောက်စားမြူးအော်၊ တကြော်ကြော်ဟစ်၊ နတ်သံပစ်၍၊ မူးယစ်မှိုင်းဝေ၊ အထွေထွေလျှင်၊ လူ့မည်နတ်ရွာ၊ နတ်မိစ္ဆာကို၊ ကယ်သာထင်မှတ်၊ သဘောကပ်၍၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ကံသာအရင်း၊ ပြုဖန်ဆင်းသည်၊ ယူလျင်းအပ်စွာ၊ ယခုမှာကား၊ ချမ်းသာဆင်းရဲ၊ နတ်ခပဲသည်၊ ပေးမြဲတို့မှာ၊ ထင်မှတ်ရှာသည်၊ မိစ္ဆာ ယူမိယူမှာတည်း။….}
စိန္တကျော်သူ ဦးသြ က က၀ိလက္ခဏ သတ်ပုံကျမ်း၌……..
{ မိစ္ဆာအားလုံး၊ လွှမ်းပိတ်ဖုံး၊ တောင်ပြုန်းညီနောင်နန်း } ဟူ၍ နစ်နာအောင် ရေးပြခဲ့ပါသည်။
မန်လည်ဆရာတော်ကြီးကမူ…….
{ စနေအင်္ဂါ၊ နေ့ရက်ခါနှင့်၊ တာရာဂြိုလ်မျိုး၊ ကောင်းကင်မိုးက၊ ဖြစ်ကျိုးယုတ်မြတ်၊ ဘယ်ပြုတတ်လိမ့်၊ နက္ခတ်ချိန်သင့်၊ ငံ့လင့်ကုန်ကြ၊ လူ့ဗာလတို့၊ ရအံ့ချက်ချင်း၊ လက်ငင်းချမ်းသာ၊ လွန်တတ်စွာ၏၊ မိစ္ဆာစွဲနေ၊ မသန်စေနှင့်}  ဟူ၍လည်းကောင်း……၊
{ ဟူးရားအလို၊နက္ခတ်ဂြိုလ်နှင့်၊ ထိုထိုတာရာ၊ မိုးအာကာက၊ ရောင်ဝါနွှမ်းညှိုး၊ အောက်လူမျိုးအား၊ ဖြစ်ကျိုးတစ်စိ၊ ဘယ်ပြုဘိအံ့၊} …ဟုလည်းကောင်း ရေးဖွဲ့ပြခဲ့သည်။
ဆရာတော်ကြီးကပင် {သုခဒုက္ခ၊ ကြောင်းမူလကို၊ ကမ္မတရား၊ နှစ်ပါးဖြင့်သာ၊ ကျမ်း၌လာ၏၊ } ဟု ကံသာမူလ ပဓာနဖြစ်ကြောင်း ရေးသားခဲ့သည်။
ထို့ကြောင့် ထေရ၀ါဒ ဗုဒ္ဓ၀ါဒီတို့သည် ဗုဒ္ဓဘုရားဟောကြားသော ကံသာပဓာန အလုပ်ဝါဒဖြင့် ကြိုးစားအားထုတ်အပ်၏။ အမိ ဗုဒ္ဓဘာသာကိုကျော်၍ ဒွေးတော် လွမ်းသော ယုံကြည်မှုများကို ရှောင်ရှားအပ်ကုန်၏။
  …..” အို…ထေရ၀ါဒဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ၊ ယနေ့မှစ၍-
စိတ္တဇ အတွေးဓါတ်ဖြင့် ဆည်းကပ် ကိုးကွယ်မှုများ -
ယုတ္တိမဲ့ စနစ်စုံဖြင့် ယုံကြည်နေမှုများ……ကိုသင်တို့၏ စိတ်အာရုံမှ ဖယ်ထုတ်ကြကုန်လော့ ……. ထေရ၀ါဒဗုဒ္ဓဂုဏ်ဆောင် ထွန်းပြောင်သော ပုဂ္ဂိုလ်များ ဖြစ်အောင် ကြိုးစားအားထုတ်ကြပါကုန်လော့……………………………..။   ။

ရေစကြို အရှင်ဧသိက { ဘုန်းနွယ် }  ၏ ( ထေရ၀ါဒ ဗုဒ္ဓဘာသာ ) စာအုပ်မှ ထုတ်နှုတ် ဖော်ပြပါသည်။   
                               ကျော်ကျော် ( lamineiant@gmail.com )         21/1/2012

No comments:

Post a Comment